ကျပ်ငွေ ဒေါ်လာ နှုန်းရှင်ကို ပြောင်းမည်

  • 13 မတ် 2012
burma currency ဓာတ်ပုံ မူပိုင် Reuters
Image caption ဗဟိုဘဏ်က နှုန်းကို ငြိမ်အောင် ထိန်းဖို့ ငွေပင် ငွေရင်း အလုံအလောက် ရှိမရှိ မေးစရာ ဖြစ်နေ

မြန်မာ ကျပ်ငွေနဲ့ ဒေါ်လာ လဲနှုန်းကို semi -float လို့ သိကြတဲ့ နှုန်း တစိတ်တပိုင်း အရှင်ထားတဲ့ စနစ်ကို ဧပြီလ တရက်နေ့က စပြီး ပြောင်းလဲ ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

နှုန်း တစိတ်တပိုင်း အရှင်ထားတဲ့ စနစ်အရ ကျပ်ငွေနဲ့ ဒေါ်လာ လဲနှုန်းကို ဗဟိုဘဏ်က စျေးနှုန်း တခု သတ်မှတ်ပြီး သတ်မှတ် စျေး နှုန်းရဲ့ အထက်အောက်ရာခိုင်နှုန်း တခုအတွင်း မှာ ငြိမ်နေအောင် ဗဟိုဘဏ်က လိုသလို အလျှာ့ အတင်း လုပ်မှာ ဖြစ်ပါတယ်။

ဥပမာ အားဖြင့် နေ့တနေ့အတွက် မြန်မာငွေကျပ် ရှစ်ရာကို တဒေါ်လာ အဖြစ် ဗဟိုဘဏ်က အကြမ်းသတ်မှတ်ပြီး ကျပ်ဒေါ်လာ လဲနှုန်းကို တဒေါ်လာ ၇၅၀ နဲ့ ၈၅၀ ကြားမှာ ငြိမ်နေ အောင် သတ်မှတ်မယ် ဆိုပါစို့။

အဲဒိနေ့မှာ မြန်မာငွေ ဝယ်လိုအားများတဲ့ အတွက် မြန်မာငွေစျေးဟာ တဒေါ်လာ ကျပ် ၈၀၀ ကနေ ၇၅၀ ထိ တက်လာမယ်ဆိုရင် ၇၅၀ အောက်ထိ အကျ မခံဘဲ ဗဟိုဘဏ်က သူတို့ဆီမှာ စုထားတဲ့ ကျပ်ငွေတွေနဲ့ စျေးကွက်ထဲက ဒေါ်လာငွေတွေကို ဝယ်ယူပြီး ကျပ် ဒေါ်လာ လဲ နှုန်းကို ၇၅၀ အပေါ် ပြန်တက်လာအောင် ထိန်းမယ့် စနစ် ဖြစ်ပါတယ်။

ဒါပေမယ့် ကျပ် ဒေါ်လာ လဲနှုန်းကို သတ်မှတ်ထားတဲ့ နှုန်းတွေထဲမှာ ငြိမ်အောင် ထိန်းဖို့ ဗဟိုဘဏ်မှာ နိုင်ငံခြား အရံငွေ လုံလုံလောက်လောက် ရှိမရှိ ရှင်းရှင်း လင်းလင်း မသိရပါဘူး။

တဘက်မှာ ထိန်းချုပ် နှုန်းရှင် managed float ပုံစံ ဖော်ဆောင်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံခြားငွေ လဲလှယ်တဲ့ ဌာနတွေကို တရားဝင် ဖွင့်ပေးဖို့ လိုတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဌ ဉီးသန်းလွင်က ဘီဘီစီကို ပြောပြပါတယ်။