အခမ်းအနားတွေကနေ လူထုဆီသို့သွားပါ

ဒီကနေ့ မတ် ၁၃ မှာ ကျရောက်တဲ့ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးမှု ၂၄ နှစ်ပြည့် အထိမ်းအမှတ် မြန်မာ့ လူ့အခွင့်အရေးနေ့ကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ရန်ကုန်မှာ ခမ်းခမ်းနားနား ကျင်းပတာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်း ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အခမ်းအနားမှသည် ပြည်သူ့ဆီသို့ ကြွေးကြော်သံ ပန်ကြားခဲ့သူ ကိုမင်းကိုနိုင်

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့မှာ ဒီမိုကရေစီ တိုက်ပွဲအတွက် ၂၆ နှစ်ကြာ အမှောင်ချခံ ခဲ့ရတဲ့ အမှောင်ခေတ် တခုလုံးကို လင်းသွားစေဖို့ အသက်တွေ စတေးပေးခဲ့တဲ့ မီးရှူးမီးပန်း နှစ်ခု ဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

သူတို့နှစ်ဦးအပါအဝင် နောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေရဲ့ ပေးဆပ်မှု တန်အောင် အားလုံး အလုပ် ဆက်လုပ်ဖို့ လိုတယ်လို့လည်း သူက ထောက်ပြ ပြောဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒါပေမဲ့ ဒီလို အခမ်းအနားတွေ ကျင်းပနေရုံနဲ့တော့ မရဘဲ ပြည်သူတွေဆီ အရောက်သွားလို့ လူ့အခွင့်အရေးတွေ ပြည်သူတွေ ခံစားနိုင်ဖို့ လက်တွဲ လုပ်ကြဖို့ လိုတယ်၊ ဒါကြောင့် ``အခမ်းအနားမှသည် ပြည်သူ့ဆီသို့`` ကြွေးကြော်သံနဲ့ တက်ရောက် လာသူတွေကို ပန်ကြားခဲ့တယ်လို့လည်း ကိုမင်းကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

ပြည်သူတွေဆီ သွားဖို့ဆိုတာမှာ လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးခွင့်၊ ကိုးကွယ်ခွင့်အပါအဝင် ပြည်တွင်းစစ်မီး တောက်နေတဲ့ ဒေသတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်လို့ ငြိမ်းချမ်း ပွင့်လင်း လူ့အဖွဲ့အစည်း သဘောကို အရအမိ လုပ်ဆောင်ဖို့ပါလို့ သူက ရှင်းပြပါတယ်။

ကိုမင်းကိုနိုင်ဟာ နိုင်ငံတကာရောက် ၈၈ မျိုးဆက် ကျောင်းသားတွေကိုလည်း ရဲဘော်တို့ အစချီလို့ ဗီဒီယိုကနေ တဆင့် အမှာစကား ပြောထား ပေမယ့်လို့ အခမ်းအနားတွေအပြင် ထိထိရောက်ရောက် လုပ်ပါဆိုတာဟာ သူတို့ကို ချက်ချင်း ပြည်တွင်း လာရမယ်လို့ ခေါ်ဖို့ အားမရှိတဲ့ အကြောင်း ရိုးရိုးပဲ ပြောပါတယ်။

ဒါပေမဲ့ တတ်နိုင်ရင် စိတ်ကူးတွေနဲ့ လူ့အခွင့်အရေးပညာပေး ဇာတ်လမ်းတွေ ရိုက်ပြီး ပြည်တွင်းမှာ ပြသနိုင်တယ်၊ ပြည်တွင်းမှာ ပြည်သူတွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေကို ဖော်ထုတ် တင်ပြပေးနိုင်တယ်၊ ဆက်သွယ်ရေး ကောင်းတဲ့ခေတ်မို့ စိတ်ကူးနဲ့ အားစိုက်မှု ပေါင်းရင် အလုပ်ဖြစ်မယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။