ရေပိုင်နက် ဆုံးဖြတ်ချက် ဘင်္ဂလား ကြိုဆို

  • 14 မတ် 2012
ဓာတ်ပုံ မူပိုင် itlos
Image caption ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားတဲ့ အတိုင်း တရားရုံးက အနိုင်ပေးလိုက်ပါတယ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ရေပိုင်နက် အငြင်းပွားမှုကို နိုင်ငံတကာ ပင်လယ်ရေကြောင်း တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ် ဘက်က တောင်းဆို ထားတဲ့ အတိုင်း အနိုင်ပေး လိုက်ပါတယ်။

ဒီစီရင်ချက်ချ အပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို ဘီဘီစီ ဘင်္ဂါလီ ဌာနက ဆက်သွယ် မေးကြည့်တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဒီပူ မူနီက

“ တောင်းဆို ထားတဲ့ အတိုင်း ရေမိုင် ၂၀၀ အထိ ဘင်္ဂလားဒေ့ရှ် က ရခဲ့ပါတယ်။ ကမ်းခြေကနေ ရေမိုင် ၂၀၀ အပြင်ဖက် ကိုတော့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စလုံး က ဝင်ခွင့် ရခဲ့ပါတယ်”

နိုင်ငံခြားရေးဝန်ကြီး ဒီပူ မူနီက အခု ရလဒ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ကြီးမားတဲ့ အောင်ပွဲ တခုဖြစ်ပြီး နှစ် နိုင်ငံ ဆက်ဆံရေးလည်း ပိုကောင်းမယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

“ဒီ ရလဒ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ပြည်သူတွေ အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ တကယ်တော့ နှစ်နိုင်ငံ လုံးအတွက် ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ကာလ အတော်ကြာကြာ ဖြစ်ခဲ့တဲ့ ဒီ အငြင်းပွားမှုတွေကို အတိတ်မှာ ချန်ထားခဲ့ နိုင်လို့ပါ။ ရှေ့ဆက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီး ချောမွေ့ လာမယ်လို့ မျှော်လင့်ပါတယ်”

ဒီအမှုရဲ့ စီရင်ချက် ကို အယူခံခွင့် မရှိဘူးလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အဲဒီဒေသမှာ ကမ်းလွန် ရေနံနဲ့ သဘာဓာတ်ငွေ့ သွားရောက် ရှာဖွေနိုင် တော့မှာ ဖြစ်ပါတယ်။

အရင်တုန်းက ဘင်္ဂလားဒေ့ရှ် ဘက်က ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ သွားရောက် ရှာဖွေရာမှာ မြန်မာဘက်က အဲဒီဒေသကို သူတို့လည်း တစိတ်တပိုင်း ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ ပါတယ်။

အဲဒီနောက် နှစ်နိုင်ငံ အငြင်းပွားမှု အရှိန် အမြင့်ဆုံး အထိ ရောက်ရှိခဲ့ချိန် မှာ နှစ်ဘက်စလုံးက စစ်သင်္ဘောတွေ စေလွှတ်ခဲ့ကြ ပါတယ်။

ဒီ အငြင်းပွားမှုတွေကို ဟမ်းဘတ် ခုံရုံး က ဝင်ရောက် ဖြေရှင်းဖို့ ၂၀၀၉ ခုနှစ်က နှစ် နိုင်ငံ သဘောတူ ခဲ့ကြပါတယ်။

နှစ် နိုင်ငံက ဒီအမှုအတွက် အထောက်အထားတွေနဲ့ လျှောက်လွှဲချက် တွေကို ၂၀၁၀ နဲ့ ၂၀၁၁ မှာ တင်ပြ ခဲ့ကြပြီး မနေ့က ဒီအမှုကို ကြားနာ စီရင်ချက် ချခဲ့ကြပါတယ်။

အခု ရေပိုင်နက် အငြင်းပွားမှု ပြီးသွားတဲ့ အတွက် အိမ်နီးချင်း ကောင်းပီပီ ရှေ့ဆက်ပြီး ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှု တွေ ပိုလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာ ကိုယ်စားလှယ် ခေါင်းဆောင် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားကြောင်း သိရပါတယ်။