ပိတ်ဆို့မှု ကိစ္စ ပြန်သုံးသပ်ဖို့ ကင်တားနားပြော

  • 14 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲလို့ ကင်တားနားပြော

မြန်မာနိုင်ငံမှာ အစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ တွေ့လာခဲ့ရအပြီး အခုအခါ အနောက်နိုင်ငံတချို့က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ကြဖို့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားက ပန်ကြားလိုက်ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့ထားမှုတွေကို ပြန်ရုပ်သိမ်း ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း၊ ဒါပေမယ့် ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ ပတ်သက် ဆက်နွယ်နေတဲ့အတွက် အသေးစိတ် ပြန်သုံးသပ် သင့်ကြောင်း မစ္စတာ ကင်တားနားက ကုသမဂ္ဂ လူ့အခွင့်အရေး ကောင်စီထံ သူ့ အစီရင်ခံစာ ကို တင်ပြခဲ့အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက်ကြောင့်ဆိုပြီး မက်လုံးပေးတဲ့ အနေနဲ့ ပိတ်ဆို့တာတွေ ပြန်ရုပ်သိမ်းပေးတာမျိုး မဟုတ်ပဲ ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ထောက်ပြဖို့ တာဝန်ရှိတယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလက သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာ အစိုးရသစ် ရဲ့ ပြုပြင် ပြောင်းလဲ ရေး ဆောင်ရွက်ချက်တွေကြောင့် လူ့အခွင့် အရေး ကိစ္စရပ်တွေမှာ တိုးတက်မှု တချို့ ရှိခဲ့ပေမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ယဉ်ကျေးမှု ဆိုင်ရာ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေကတော့ အတော်များများ ရှိနေဆဲပဲလို့ သူ့အစီရင်ခံစာထဲမှာ ဖေါ်ပြ ခဲ့ပါတယ်။

မြန်မာ အစိုးရရဲ့ လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ EU ဥရောပ သမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနဲ့ တခြား အနောက်အုပ်စု နိုင်ငံတွေက မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အခုနှစ်မှာ စတင် လျှော့ပေးခဲ့ပါတယ်။