ထားဝယ်မှာ မြေတွေ လျော်ကြေး မရဘဲ ဖျက်ခံရ

  • 15 မတ် 2012
dawei ဓာတ်ပုံ မူပိုင် DDP
Image caption ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းကလည်း ဒေသခံတွေ ဘဝ ရပ်တည်ရေးကို ခြိမ်းခြောက်

ထားဝယ်မှာ ရေအား လျှပ်စစ် စီမံကိန်းကြောင့် မြေတွေ လျှော်ကြေး မရပဲ အဖျက်ခံနေရပြီး ပတ်ဝန်းကျင် ကျေးရွာ ငါးရွာနဲ့ လယ်ဧက တသောင်းကျော် ရေလွှမ်း ဧရိယာထဲ ပါနေတာကြောင့် ဒီစီမံကိန်းကို ရပ်ပေးဖို့ ဒေသခံ ရွာသား သုံးထောင်က သမ္မတကို အသနားခံစာ တင်ပြခဲ့ပါတယ်။

အညာဖျား ကျေးရွာ အုပ်စုက အညာဖျား၊ ဓါးသွေးကျောက်၊ ဆိတ်ချောင်း၊ ညောင်ချောင်း၊ ဥယျာဉ်ကြီး စတဲ့ ကျေးရွာက ဒေသခံတွေဟာ လောလောဆယ်မှာကို ရေအား လျှပ်စစ် စီမံကိန်းကြောင့် ထိခိုက် နစ်နာနေပြီး စီမံကိန်း ပြီးတဲ့အခါလည်း ဆိုးကျိုးတွေ ကျိန်းသေ ကြုံတွေ့ရမှာမို့ ရေအား လျှပ်စစ် စီမံကိန်း ရပ်ဖို့ သမ္မတဆီ စာတင် ထားပါတယ်။

အညာဖျား ကျေးရွာ အုပ်စုမှာ DELCO ကုမ္ပဏီနဲ့ သဘာဝ စိမ်းလန်းရေး ကုမ္ပဏီတွေရဲ့ လုပ်ငန်း စတင် အကောင် အထည်ဖော်မှုတွေကြောင့် ဧက ထောင်ချီ ပျက်စီး ဆုံးရှုံးနေတယ်လို့ ရွာသား တယောက်က ဘီဘီစီကို ပြောပြပါတယ်။

လျော်ကြေး ပေးမယ် ပြောထားပေမယ့် အရင် အလားတူ အဖြစ်အပျက်တွေမှာ မြေသိမ်းခံရသူတွေ ကိုယ်တိုင် ခုထိ လျော်ကြေး မရသေးဘူးလို့ ရွာသားက ပြောပါတယ်။

ဖျက်ဆီးခံရတဲ့ ခြံတွေမှာ ကွမ်းသီး၊ ရာဘာ၊ ဆီအုန်းနဲ့ တခြား နှစ်ရှည်ပင်တွေ စိုက်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံး လျော်ကြေး ရရင်တောင် လုံလောက်မှု ရှိမှာ မဟုတ်တဲ့ အတွက် ဒီစီမံကိန်းကို လုံးဝ ရပ်စေချင်ကြောင်းလည်း ညောင်ချောင်း ရွာသူ တယောက်က ပြောပါတယ်။

စီမံကိန်းက ရမယ့် အကျိုး အမြတ်နဲ့ ဆုံးရှုံးမယ့် ပမာဏ ကာမိမှာ မဟုတ်တဲ့ အတွက် ဥယျာဉ် ခြံမြေတွေ ဆုံးရှုံးမယ့် အရေးကို စိုးရိမ် ပူပန်နေကြပါတယ်။