သတ္တုတွင်း ဝန်ကြီးဌာနက The Voice ကို တရားစွဲမယ်

  • 14 မတ် 2012

မြန်မာ နိုင်ငံမှာ ထုတ်ဝေတဲ့ The Voice Weekly ဂျာနယ်မှာ ရေးထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး အဲဒီ ဂျာနယ်ကို သတ္တုတွင်း ဝန်ကြီး ဌာနက တရားဥပဒေ အရ အရေးယူ မယ်လို့ ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာတွေ ထဲမှာ ဖော်ပြထား ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဝန်ကြီးဌာနတွေ ငွေအလွဲ သုံးစား လုပ်မှုကို The Voice Weekly ဂျာနယ်မှာ ဖော်ပြခဲ့

ဝန်ကြီး ဌာန တချို့ဟာ ကျပ်ငွေ သိန်းပေါင်း ထောင်နဲ့ ချီပြီး အလွဲသုံးစား လုပ်မှု ရှိတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းမှာ သတ္တုတွင်း ဌာနနဲ့ ပတ်သက်လို့ မှန်ကန်မှု မရှိတဲ့ အတွက် သူတို့ ဝန်ကြီး ဌာနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင် တာကြောင့် ဂျာနယ် ထုတ်သူနဲ့ သတင်း ရေးသူတို့ကို အရေး ယူမယ်လို့ သတင်းစာတွေထဲမှာ ဆိုထားပါတယ်။

The Voice Weekly ဂျာနယ် ထဲမှာ ပြန်ကြားရေး ဝန်ကြီး ဌာန၊ သတ္တုတွင်း ဝန်ကြီး ဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှု ဝန်ကြီးဌာန တွေ အပါအဝင် မြန်မာ အစိုးရ ဝန်ကြီး ဌာန ၆ ခုမှာ ကျပ်ငွေ သိန်းပေါင်း ထောင်နဲ့ချီပြီး ငွေကြေး အလွဲ သုံးမှု၊ ငွေစာရင်း မမှန် ကန်မှုတွေ ရှိနေ တာကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး က စစ်ဆေး တွေ့ရှိတယ် လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့ တာပါ။

The Voice ဂျာနယ် ဘက်ကတော့ မြန်မာ နိုင်ငံ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေး တွေ့ရှိချက်ကို ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မီတီကို ပို့တယ် ဆိုတာ ကြားတဲ့ အချိန်ဟာ ဂျာနယ် ဖောင်ပိတ်ဖို့ အချိန် ရောက်နေပြီ ဖြစ်လို့ ဝန်ကြီး ဌာနတွေကို ဆက်သွယ်ဖို့ မဖြစ်နိုင် တော့တဲ့ အတွက် လွှတ်တော် အမတ်တွေကို မေးမြန်း ပြီး အတည်ပြုချက် ရယူခဲ့တယ်လို့ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။

အဲဒီ အစီရင်ခံစာဟာ လွှတ်တော် အမတ်တွေ အားလုံးကို ဖြန့်ဝေတာ ဖြစ်ပြီး ကန့်သတ် ဆိုတဲ့ စာလည်း မပါတဲ့ အတွက် သူတို့ သတင်း ထုတ်ပြန်ချက်ဟာ စာနယ်ဇင်း သမားတွေ လိုက်နာသင့်တဲ့ စည်းကမ်းကို ချိုးဖောက် ရာလည်း မကျဘူးလို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

သူတို့ ထုတ်ပြန်တဲ့ သတင်းဟာ ဘယ်ဝန်ကြီး ဌာနကိုမှ တိုက်ခိုက် လိုတဲ့ သဘော မဟုတ်ဘူးဘဲ သမ္မတ ပြောနေသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေးကို အထောက် အကူပြုစေဖို့ ရည်ရွယ်တာသာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။