ထိုင်းရောက်မြန်မာ အလုပ်သမား သက်တမ်းတိုးရေးရုံးထပ်ဖွင့်

  • 15 မတ် 2012
ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများ
Image caption ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများ

ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို နိုင်ငံသားစီစစ်ပြီး ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးဖို့ ဘန်ကောက်အပါအဝင် မြို့ကြီး ၅ မြို့မှာ ရုံးသစ်ဖွင့်ပြီး လုပ်ပေး က မြန်မာဝန်ထမ်းတွေ ရောက်နေပြီဖြစ်ပေမယ့် လက်တွေ့ အကောင်အထည်ဖေါ် လုပ်လို့ မရသေးဘူးဖြစ်နေပါတယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကစပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်း၊ စမွတ်ပကန်းနဲ့ စူရတ်ထာနီမြို့တွေမှ နိုင်ငံသားစီးစစ်ရေးရုံးဖွင့်ပြီး အလုပ်သမားတွေ အတွက် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတဲ့အတိုင်း မြန်မာအလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းအယောက် ၄၀ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီဖြစ်တယ်။ အခုအချိန်အထိ တရားဝင်ရုံးဖွင့်ပြီး အကောင်အထည်ဖေါ် လုပ်ဆောင်ပေးဖို့ ထိုင်းဘက်က အဆင့်သင့်မဖြစ်သေးဘူးလို့ ဘန်ကောက်မြန်မာ သံရုံးဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူချုပ် ပရာ့ဝစ် ခီးယန်းဖွန်ကအခုလိုနှောင့်နှေးခဲ့ရတာကတော့ အလုပ်သမားတွေ အတွက် မြန်မာအစိုးရက ထုတ်ပေးမယ့် ယာယီနိုင်ငံကူးလက်မှတ်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက အသိအမှတ်ပြုတဲ့စာထုတ်ဖို့ အချိန်ကြားမြင့်သွားတယ်။ အစိုးရရုံးလုပ်ငန်းအရ ဒီလိုနှောင့်နှေးခဲ့ပေမယ့် လာမယ့် ရက်ပိုင်း အတွင်းမှာ ရုံးတွေတရားဝင်ဖွင့်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်တော့မှာဖြစ်တယ်လို့ ဘီဘီစီကို ပြောသွားတာဖြစ်ပါတယ်။

အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်ကို အခုထုတ်ပေးထားတဲ့ အနီးရောင် အစား ခရမ်းရောင် အဖြစ်ပြောင်းလဲထုတ်ပေးမှာဖြစ်တယ်။ ထိုင်းပြည်ဝင်ခွင့် ဗီဇာက ၂ နှစ်သက်တမ်းရှိပြီး ဗီဇာကြေး ကတော့ ဘတ် ၅၀ဝ ဖြစ်ပါတယ်။

မြန်မာအလုပ်သမား ၇ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ်ထုတ် ပေးခဲ့ပြီဖြစ်တယ်။ နောက်ထပ် ထုတ်ပေးဖို့ကုန်သူ ၇ သိန်းကျော်ကို လာမယ့် ဇွန်လ ၁၄ နေ့အတွင်း ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်လိမ့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပြောပါတယ်။