ဝန်ကြီးဌာန ဘတ်ဂျက်တွေ လွှတ်တော်က ဖြတ်

  • 16 မတ် 2012
Parliament ဓာတ်ပုံ မူပိုင် afp
Image caption ဘတ်ဂျက် ၁၀၀ ရာနှုန်း အထိ လွှတ်တော်က ဖြတ်

လွှတ်တော် မှာ တင်သွင်း လိုက်တဲ့ ဝန်ကြီး ဌာန တွေရဲ့ ဘတ်ဂျက် တွေကို ဖြတ်တောက် ခံရတဲ့ အထဲမှာ မြန်မာ့ စက်မှု ဖွံ့ဖြိုး တိုးတက် ရေး ဝန်ကြီး ဌာန ရဲ့ ဘတ်ဂျက် ကို ၁၀၀ ရာနှုန်း အဖြတ် ခံရ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေး နှစ်အတွက် အသုံး စားရိတ် ကိုရော၊ ၂၀၁၂ - ၂၀၁၃ ခု ဘဏ္ဍာရေး နှစ် အတွက် အသုံးစားရိတ် တွေကိုပါ အဲဒီလို ရာနှုန်းပြည့် အဖြတ် ခံရတာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် တုန်းက မရှိခဲ့ဘဲ့ သမ္မတ ဉီးသိန်းစိန် လက်ထက်မှာ စတင် ဖွဲ့စည်း ခဲ့တဲ့ ဒီဝန်ကြီး ဌာန ရဲ့ဘတ်ဂျက်ကို သမ္မတရုံး ဘတ်ဂျက်ကနေ သုံးထားတာ ဖြစ်လို့ ဒါဟာ တရားမဝင်ဘူး ဆိုပြီး လွှတ်တော်က ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဘတ်ဂျက် အသုံးစားရိတ် အတွက် စက်မှုဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန က ကျပ်ငွေ သန်းပေါင်း ငါးသောင်းကျော် တင်ပြ ထားတယ်လို့ ဆိုပါတယ်။

လာမယ့် နှစ်အတွက် ဘတ်ဂျက် တင်ထားတာကလည်း ကျပ်ငွေ သန်းပေါင်း နှစ်သိန်း နီးပါးရှိ ပါတယ်။

အခုလို အသုံးစားရိတ် အဖြတ်ခံရတဲ့ အတွက် မနှစ်က ကုန်ကျ ငွေတွေကို ဘာနဲ့ စိုက်ထုတ် ကျခံ ရမယ် ဆိုတာကိုတော့ လွှတ်တော်မှာ ဆွေးနွေးတာ မရှိဘူးလို့ ဉီးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်းလစာ တွေကို ဘယ်ငွေနဲ့ ပေးကြမယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။

တိုင်းပြည် ဆင်းရဲနေတဲ့ အချိန်မှာ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေ ဟာ ချက်ချင်း အကောင်အထည် မပေါ်လာနိုင်ဘူး ဆိုတဲ့ အမြင် ဟာလည်း အဲဒီလို ဘတ်ဂျက်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်း ထဲမှာ ပါဝင်တယ်လို့ ဦးဖုန်းမြင့် အောင်ကဆိုပါတယ်။

ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းဉီးစီးဌာန ဘတ်ဂျက် ကိုလည်း သုံးဆယ် ရာနှုန်း ဖြတ်တောက်ခဲ့ပြီး စက်မှုလယ်ယာ ဦးစီးဌာန အသုံးစားရိတ် ကိုလည်း ၆၅ ရာနှုန်းကျော် ဖြတ်တောက်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ရဲ့ ဘတ်ဂျက်တွေ လည်း ဖြတ်တောက် ခံရတဲ့ အထဲမှာပါတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောသွားခဲ့ ပါတယ်။