တံတား ဘာ့ကြောင့် နီသလဲ

  • 16 မတ် 2012
ABFSU ဓာတ်ပုံ မူပိုင် ABFSU
Image caption တံတားနီမှာ ပန်းခွေချနေတဲ့ ဗကသအဖွဲ့

အင်းယားကန် ဘေးမှာ ကျောင်းသားတွေကို စစ်တပ်နဲ့ လုံထိန်းတပ်တွေ ရှေ့နောက် ညှပ်ပြီး ရိုက်နှက်ခဲ့တာ မတ်လ ၁၆ ရက်မှာ ၂၄ နှစ်ပြည့်ပါပြီ။

၁၉၈၈ ခုနှစ်တုန်းက စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်ကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အတွက် မကျေနပ်ကြတဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေက ကျောင်း ပရိဝုဏ်ထဲကထွက်ပြီး ဆန္ဒပြချီတက်ခဲ့ကြရာမှာ ကျောင်းကအထွက် အင်းယားကန် နဘေးမှာ စစ်တပ်က ပိတ်ဆို့ ဟန့်တားခဲ့ပါတယ်။

ကျောင်းသားတချို့က စစ်တပ်နဲ့ စကားပြောဆိုဆွေးနွေးနေစဉ်မှာ လုံထိန်းတပ်ဖွဲ့က နောက်ကရောက်လာပြီး ရိုက်နှက် ဖြိုခွဲခဲ့ပါတယ်။ ကျောင်းသား တော်တော်များများလည်း အဖမ်းဆီးခံခဲ့ရပါတယ်။ ကျောင်းသား တချို့ သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပေမဲ့ ဒီနေ့ အထိ ဘယ်သူမှ အတည်မပြုနိုင်ကြပါဘူး။

အဲသလို ရိုက်နှက်ဖြိုခွဲခဲ့လို့ သွေးစွန်းခဲ့တဲ့ အတွက် အင်းယားကန်ဘောင်က တံတားဖြူကို တံတားနီလို့ ခေါ်ခဲ့ကြပါတယ်။

တံတားနီ အထိမ်းအမှတ် အဖြစ် အင်းယားကန် နဲ့ ရွှေဂုံတိုင်တို့မှာ ဒီနေ့ ကျင်းပကြရာမှာ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုမြအေး၊ ကိုကိုကြီး၊ ကိုညိုထွန်းစတဲ့ မကသ၊ ဗကသ ခေါင်းဆောင် တွေ၊ အထက်ဗမာပြည် ဗကသ ဥက္ကဌ ကိုသန့်ဇင်တို့ တက်ရောက်ခဲ့ကြသလို ၂၀၀၇ မျိုးဆက်ဗကသ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ မဟန်နီဉီးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကျောင်းသားဟောင်းတွေနဲ့ မျိုးဆက်သစ် ကျောင်းသားတွေ တွေ့ဆုံပြီး တံတားနီ ဖြစ်ရပ် အတွေ့အကြုံကို ပြန်လည် ပြောပြဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ ပြောပြချက်အရ ရှေ့မှာ ဆွေးနွေးနေတုန်းမှာ နောက်ကနေ ဝင်ရိုက်သွားခဲ့ဖူးတဲ့ အတွေ့ အကြုံ ရှိခဲ့ကြောင်း၊ ဒီနေ့ခေတ်မှာလည်း ရှေ့မှာ ဆွေးနွေးနေတုန်းမှာ နောက်က ဝင်အရိုက်မခံရအောင် သတိထားကြဖို့ လိုကြောင်း ပြောသွားပါတယ်။

ရွှေဂုံတိုင်မှာ ကျင်းပတဲ့ တံတားနီ အခမ်းအနားမှာတော့ ကိုလှမျိုးနောင်၊ ကိုအောင်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တက်ရောက်ဟောပြောခဲ့ပါတယ်။

ကိုလှမျိုးနောင်က ကျောင်းသားအရေးအခင်းနဲ့ လူထုလှုပ်ရှားမှုတွေဖြစ်ခဲ့ပေမဲ့ စစ်တပ်ကသာ တဖွဲ့ကနေ တဖွဲ့ အာဏာ လွှဲပြောင်း အုပ်ချုပ်ခဲ့ကြောင်း၊ ဒီနေ့ခေတ်မှာ အရပ်သားတွေလည်း အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရပြီ ဖြစ်ပေမဲ့ မလုံလောက်သေးကြောင်း၊ စစ်တပ်ကို နိုင်ငံရေးက အနားယူခိုင်းပြီး သူ့မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေးလုပ်ငန်းဆီပြန်ပို့နိုင်ဖို့ လိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။