မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တပ်တိုးမချကြောင်း မြန်မာငြင်းဆို

  • 17 မတ် 2012
Image caption မြန်မာ နစကနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တို့ရဲ့ ပုံမှန် အစည်းအဝေးပြုလုပ်

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွား မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပြည်ပြည် ဆိုင်ရာ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့ နောက် နှစ်နိုင်ငံ နယ်စပ်တလျှောက် မြန်မာ ဘက်က တပ်တွေ ဖြန့်ချထားတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မြန်မာဘက်က ငြင်းပယ် လိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တနင်္ဂနွေနေ့က မောင်းတောမြို့မှာ ပြုလုပ်တဲ့ မြန်မာ လုံခြုံရေး နစကနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့ရဲ့ ပုံမှန် အစည်းအဝေး အတွင်း မြန်မာ ဘက်က နယ်စပ် တလျှောက် တပ်တွေ တိုးချထားတယ် ဆိုတဲ့ သတင်းကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မြန်မာ စစ်တပ်တွေ တိုးချနေတယ် ဆိုတဲ့ သတင်းတွေ ကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ် မကင်း ဖြစ်နေကြတဲ့ အပေါ် မြန်မာ ကိုယ်စားလှယ် အဖွဲ့ က ဒီသတင်းတွေဟာအခြေအမြစ် မရှိတဲ့ သတင်းတွေသာ ဖြစ်ပြီး၊ ဒီလို တပ်ဖွဲ့တွေ ဖြန့်ချထားခြင်း လုံးဝ မရှိဘူးလို့ ငြင်းဆိုသွားကြောင်း ဘင်္ဂလားဒေ့ရှ် ဘက်က ဦးဆောင် တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တပ်ရင်း BCG ၄၂ ရဲ့ တပ်မှူး ဒုဗိုလ်မှူးကြီး ဇာဟစ် ဟူစိန်က ပြောပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဘင်္ဂလားဒေ့ရှ် ဘက်က တောင်းဆို ထားတဲ့ အတိုင်း ရေပိုင်နက်ကို ဆုံးဖြတ် သတ်မှတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက် ထွက်လာပြီး နောက်ပိုင်း မောင်းတောမြို့နယ် မြောက်ဘက်က ဘင်္ဂလားဒေ့ရှ် နဲ့ ကပ်နေတဲ့ တောင်မြို့ ၊ ကြိမ်ကျောင်းနဲ့ ဘူးသီးတောင် မြို့နယ် မြောက်ဘက်တွေမှာ မြန်မာ စစ်တပ်တွေ တိုးချနေတယ်လို့ သတင်း ထွက်ခဲ့လို့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး ကလည်း ဒီသတင်းကို စုံစမ်းနေခဲ့တာလို့ သိရပါတယ်။