တသက်မှာ နှစ်ကျွန်းကျ ခံရသူ ပြန်လွတ်ပြီ

Image caption ကိုကိုးကျွန်းက ထွက်ပြေးခဲ့ပုံကို ရဲဘော်ရှောင်း ကလောင်နာမည်နဲ့ ကိုယ်တိုင်စာအုပ်ထုတ်ခဲ့

ထောင်ဒဏ် တသက်တကျွန်းချခံထားရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်ကို တနင်္လာနေ့မနက် ၈ နာရီ က သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာ ခွင့် အမိန့်အရ ပုဒ်မ ၄၀၁ နဲ့ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အထူးဝမ်းမြောက် ကြိုဆို ကြောင်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ပဒို စောဒေးဗစ်ထောက ပြောပါတယ်။ နောက်ပြီး အစိုးရဟာ ပြောထား တဲ့ အတိုင်း ကတိ တည်တယ်လို့လည်း သူကပြောပါတယ်။

ဒါဟာ ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ ဖြစ်စဉ် အတွက် အများကြီး အထောက်အကူပြု ပြီး အကျိုးရှိတယ်လို့ စောဒေးဗစ်ထောက ပြောပါတယ်။

အခုအချိန်မှာတော့ ပဒိုမန်းငြိမ်းမောင်ကို ဧည့်သည်တော်အဖြစ် နေပြည်တော်ကို ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ပဒို မန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ထိုင်းနိုင်ငံကနေ တရုတ်ပြည် ကူမင်းမြို့ကို အသွား တရုတ်အာဏာပိုင်တွေက သူ့ကို ကူမင်း လေဆိပ်ကနေ မြန်မာနိုင်ငံ ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက တရားမ၀င် စာရွက် စာတမ်း ကိုင်ဆောင်မှု၊ နယ်ခြားဖြတ်ကျော်မှုတို့နဲ့ အရေးယူ ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ပဒိုမန်းငြိမ်းမောင်ဟာ KNU ဗဟိုကော်မတီဝင် ဖြစ်တယ် ဆိုတာ သိပြီးနောက် သူ့ကို နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) နဲ့ မတရား အသင်း ပုဒ်မ ၁၇ (၁) တို့နဲ့ ထောင်ဒဏ် တသက်တကျွန်းနဲ့ ၃ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ပဒို မန်းငြိမ်းမောင်ဟာ ပါလီမန် ဒီမိုကရေစီ အစိုးရ လက်ထက်တုန်းကလည်း တသက် တကျွန်း ပြစ်ဒဏ် ကျခံခဲ့ရဖူးပြီး၊ ကိုကိုးကျွန်းကနေ ထွက်ပြေးခဲ့သူမို့ အခုတကြိမ်ပါနဲ့ဆို သူဟာ တသက်တကျွန်း ပြစ်ဒဏ်ကို ၂ ကြိမ်ကျခံခဲ့ရသူ ဖြစ်ပါတယ်။

သူ့ရဲ့ ပထမအကြိမ် ကျွန်းကျစဉ်က ကိုကိုးကျွန်းကနေ ထွက်ပြေးခဲ့ပုံကို ရဲဘော်ရှောင်း ကလောင်နာမည်နဲ့ ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’စာအုပ်ကို ကိုယ်တိုင် ရေးသား ထုတ်ဝေခဲ့ဖူး ပါတယ်။