ရွေးကောက်ပွဲနီးချိန် မတရားမှုပိုများလာလို့ NLD ပြော

  • 19 မတ် 2012
Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ဉီးဉာဏ်ဝင်းက ဆို

မြန်မာ နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တလသာ လိုတော့တဲ့ အချိန်မှာ (NLD) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် မတရားမှု တွေ များလာ နေကြောင်းနဲ့ မဲစာရင်း တွေလည်း မှန်ကန်မှု မရှိကြောင်း NLD က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းပြည် အပေါ် သစ္စာမရှိဘူးဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်က နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ကိုဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်မှုတွေ လုပ်နေ တယ်လို့ ပြောပါတယ်။

တနင်္လာ နေ့က ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုဟာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေကို ပြည်သူတွေ အမြန် သိနိုင်အောင် ထုတ်ပြန် တာသာဖြစ်ပြီး လိုအပ်တဲ့ အပိုင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်မယ်လို့ သူက ဆိုပါတယ်။

NLD ရဲ့ ကြေညာချက် ထဲမှာ မဲပေးခွင့်ရှိသူတွေ မှတ်ပုံတင်ခွင့် မရတာ၊ သေဆုံးသွားသူ တွေရဲ့ နာမည်တွေ မဲစာရင်းထဲမှာ ပါနေတာနဲ့ မဲစာရင်း ပိုနေတာမျိုးတွေလည်း တွေ့ရကြောင်း ဖော်ပြ ထားပါတယ်။

နေပြည်တော် ကောင်စီ နယ်မြေ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဒေါက်တာ အောင်သန်း ကတော့ ဒီလို မဲစာရင်း မမှန်ကန် မှုတွေ ရှိရင် တိုင်ကြား နိုင်ကြောင်းနဲ့ သူတို့အနေနဲ့ ပြုပြင်ပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် မဲစာရင်း ထွက်လာမှ လိုအပ်တဲ့ စိစစ်မှုတွေ လုပ်လို့ရတာမို့ အဲဒီလို အချိန်မီ အကြောင်းကြားဖို့ အမြဲမဖြစ်နိုင်ကြောင်း ဉီးဉာဏ်ဝင်းက ပြောပါတယ်။ တောင်တွင်းကြီး မဲဆန္ဒ နယ်မြေ မှာဆိုရင် သူတို့ကြေညာချက် ထုတ်တဲ့ အချိန်အထိ မဲစာရင်း မရနိုင်ခဲ့ဘူး လို့ ဆိုပါတယ်။

NLD အနေနဲ့ မျှတတဲ့ ယှဉ်ပြိုင်မှုကို လိုချင်တဲ့ အတွက် ရွေးကောက်ပွဲ တခုမှာ ရှိသင့် ရှိထိုက်တဲ့ မဲစာရင်းကို လိုချင်တာ ဖြစ်တယ်ဆိုပြီး NLD ရဲ့ ရွေးကောက်ပွဲ ဗဟို အောင်နိုင်ရေး အဖွဲ့ ဥက္ကဌ ဉီးဉာဏ်ဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။