သမ္မတဉီးသိန်းစိန်ရဲ့ ပထမဆုံးဗီယက်နမ်ခရီး

  • 19 မတ် 2012
သမ္မတဉီးသိန်းစိန် ၃နိုင်ငံ ခရီးစထွက် ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတဉီးသိန်းစိန် ၃နိုင်ငံ ခရီးစထွက်

သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့မှာ ဗီယက်နမ်နိုင်ငံကို အလည်အပတ် ရောက်ရှိမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံခြား ဆက်ဆံရေးကတော့ အစိုးရချင်းရော ပြည်သူတွေချင်းကြားမှာပါ အလွန် ကောင်းမွန်တဲ့ အခြေအနေတရပ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကထဲက ရှိခဲ့တယ်လို့ ဟနွိုင်း အမျိုးသား တက္ကသိုလ် စီးပွားရေး ကောလိပ်က အကြီးတန်း သုတေသီ ဒေါက်တာ လီ ဒန် ဒန်းန်ကပြောပါတယ်။

မြန်မာတွေက ဗီယက်နမ်တွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားကျတယ်။ ဒါကြောင့် မြန်မာအနေနဲ့ ဗီယက်နမ်ဆီကနေ ဘာအတွေ့အကြုံတွေ သင်ခန်းစာတွေ ရယူနိုင်မလဲ။ ဒေါက်တာလီကတော့ အကောင်းအဆိုး နှစ်မျိုးလုံး မြင်အောင်ကြည့်လို့ ယူနိုင်ပါတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေးလမ်းကြောင်းထဲကို ထိုးဝင်တာ ဗီယက်နမ်က မြန်မာထက် စောခဲ့တယ်၊ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေး WTO အဖွဲ့ဝင် ဖြစ်လာတယ်။ ဗီယက်နမ်ရဲ့ စိုက်ပျိုးရေး နည်းပညာ ဖွံ့ဖြိုးမှု၊ အင်တာနက်နဲ့ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးမှု၊ ပုဂ္ဂလိကစီးပွားရေး ချဲ့ထွင်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးရ လာအောင် စွဲဆောင်နိုင်မှု စတဲ့ အတွေ့အကြုံတွေ ဖလှယ်ပေးနိုင်ပါတယ်။ နောက်တခု ကတော့ ဗီယက်နမ် စီးပွားရေး အသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ကို အလွန်စိတ်၀င်စားပါတယ်။ မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ အကျိုးရှိစေဖို့ ကုန်သွယ်ရေးတိုးမြှင့်ပြီး အပြန်အလှန် ကုန်စည်တွေ တင်ပို့ကြဖို့လည်း ရှိပါတယ်။ နောက်ပြီး မြန်မာက သဘာဝရင်းမြစ်တွေ အလွန်ပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာမို့ နှစ်ဘက်စလုံး အကျိုးရှိအောင် ကုမ္ပဏီတွေပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ ကိုလည်း ဗီယက်နမ်ကုမ္ပဏီတွေက စိတ်ဝင်စားကြတယ်လို့ သူကဘီဘီစီကိုပြောပါတယ်။

မြန်မာသမ္မတ တယောက်အနေနဲ့ ဗီယက်နမ်ကို ပထမဆုံးလာရောက်တဲ့ ဒီချစ်ကြည်ရေး ခရီးဟာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမယ့် ပိုမို ခိုင်မာကောင်းမွန်တဲ့ ဆက်ဆံရေး အတွက် စာမျက်နှာသစ် ဖွင့်လိုက်တာပဲလို့ သူ နှစ်နှစ်ကာကာ မျှော်လင့် ယုံကြည် ပါတယ်။ ဒီခရီးစဉ်ကနေ နှစ်နိုင်ငံကြား ပိုနီးကပ်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက် ရေးကို ဖြစ်စေလိမ့်မယ့်လို့ ဒီကနေ့ စတင်မယ့် သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အပေါ် ဟနွိုင်း အမျိုသား တက္ကသိုလ် စီးပွားရေး ကောလိပ်က ဒေါက်တာ လီ ဒန် ဒန်းန်က သုံးသပ် မှတ်ချက်ပြုခဲ့ပါတယ်။