ပုသိမ်သူရှပ်ပြေးရေယာဉ် ငပုတောမှာ နှစ်မြုပ်

  • 20 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဧရာဝတီဒေသဟာ ရေလုပ်ငန်းတွေနဲ့ ရေကြောင်း ခရီးသွားလာမှုကို အဓိကထား

ပုသိမ်နဲ့ သရက်တောပြေးဆွဲနေတဲ့ ပုသိမ်သူ အမည်ရှိတဲ့ ရှပ်ပြေးရေယာဉ်ဟာ ငပုတော တဘက်ကမ်းမှာ အင်္ဂါနေ့ ညနေပိုင်းက နစ်မြုပ်ခဲ့တာကြောင့် ခရီးသည် ၄၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပြီး ၃၀ ကျော် ကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အင်္ဂါနေ့ ညနေ ၃ နာရီ ဝန်းကျင်က ပုသိမ်သူ သင်္ဘောလိုင်းက သင်္ဘောတစီးဟာ ငပုတောမြို့ တဘက်ကမ်း ကန်ဆိပ်ရွာမှာ ကုန်တင်ကုန်ချ လုပ်ပြီးအထွက် တိမ်းမှောက်ပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

ခရီးသည်လက်မှတ်တွေကို ရောင်း ချရာမှာလည်း စာရင်းအတိအကျ မရှိတဲ့အတွက် သင်္ဘောပေါ်မှာ ခရီးသည်ဘယ်နှစ်ဦး ပါတယ်ဆိုတာကိုတော့ အတိအကျ မသိနိုင်ကြောင်း ငပုတော ဒေသခံ တယောက်က ရှင်းပြပါတယ်။

အခုတော့ သင်္ဘောနစ်တဲ့ နေရာကို မြို့ခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် တွေ သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။

သင်္ဘောနစ်ရတဲ့ ဖြစ်စဉ်အသေးစိပ်ကို သိနိုင်ဖို့ ဘီဘီစီက ငပုတော ရဲစခန်းကို ဆက်သွယ် ကြည့်ရာမှာ အမျိုးသမီးလေးယောက်နဲ့ အမျိုးသား ၁ ယောက် ဆေးရုံ ရောက်လာကြောင်းနဲ့ အသေးစိပ် အချက် အလက် မသိရသေးကြောင်း ငပုတော ရဲစခန်းက တာ၀န်ကျ ရဲအရာရှိက ဖြေကြားပါတယ်။

၂၀၁၀ ခုနှစ်ကလည်း အခုလို ရှပ်ပြေး သင်္ဘောတစီးနစ်ခဲ့လို့ လူ ၆၀ ကျော် သေဆုံးခဲ့သေး တယ်လို့ ဒေသခံတွေအပြောအရ သိရပါတယ်။