ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အာဆီယံကို ဖိတ်ခေါ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အာဆီယံတနိုင်ငံချင်း ဆီကနေ ပါလီမန်အမတ် နှစ်ဦးနဲ့ သတင်းသမား ၃ ဦး လာခွင့်ရမယ်

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို နိုင်ငံခြားကနေ လာရောက် လေ့လာ စောင့်ကြည့်ဖို့ အတွက် မြန်မာ အစိုးရက ပထမဆုံး အကြိမ် အဖြစ် ဖိတ်ခေါ်လိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ တခုချင်းဆီကနေ ပါလီမန် အမတ် နှစ်ဦးကျစီနဲ့ အတူ သတင်းသမား ၃ ဦး တို့ကို မြန်မာနိုင်ငံကို လာရောက်ပြီး ရွေးကောက်ပွဲ ကို လေ့လာစောင့်ကြည့်ဖို့ အတွက် မြန်မာအစိုးရက ဖိတ်ခေါ်လိုက်တာ ဖြစ်တယ်လို့ အာဆီယံအဖွဲ့က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် လေ့လာစောင့်ကြည့်ဖို့က အခုလို ဖိတ်တာဟာ ကောင်းမွန် ကြောင်း၊ ဒါပေမဲ့လည်း အခုလောက်နဲ့ လုံလောက်မှု မရှိသေးဘူးလို့ မဲဆန္ဒနယ် အကုန်လုံးမှာ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ နာယက ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

နယ်တွေဆင်းပြီး မဲဆန္ဒရှင်တွေ အသိပညာပေးရေးနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အသိ ပညာတွေ ပေးနေတဲ့ HRDB လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက်က ဦးမောင်မောင်လေးကလည်း အာဆီယံတင်မကပဲ တခြားနိုင်ငံတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားသင့်တယ်လို့ သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း အစိုးရ သစ်အနေနဲ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေကို သတိထား လုပ်ဆောင်နေရာမှာ အခုလို ဖိတ်ကြားမှုဟာ ထူးခြား ထင်ရှားလှတဲ့ ခြေလှမ်းတရပ် ဖြစ်တယ် လို့ အကဲခတ် တွေက ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် နေတဲ့ အမတ် နေရာ ၄၈ နေရာအတွက် NLD အပါအဝင် တခြားပါတီ အများအပြား ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။