လယ်လုပ်ပိုင်ခွင့် ဥပဒေ လွှတ်တော် အတည်ပြု

farmer ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ နိုင်ငံမှာ မြေအားလုံးကို နိုင်ငံတော်က ပိုင်ပြီး လယ်လုပ်သူ လယ်ပိုင်ခွင့် ခုထိ မရသေး

မြန်မာ နိုင်ငံမှာ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ဥပဒေကို လွှတ်တော်မှာ မနေ့က မဲခွဲ အတည်ပြု လိုက်ပြီး သမ္မတ လက်မှတ် ထိုးပြီးရင် ဥပဒေ အဖြစ် အတည် ဖြစ်လာတော့မှာပါ။

တကယ်တော့ လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရမယ်ဆိုတာ ၁၉၆၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေကို နံမယ်သာ ပြောင်းထားပြီး အနှစ်သာရ အားဖြင့် ဘာမှ ထူးခြားမှု မရှိတဲ့ ဥပဒေ ဖြစ် ပါတယ်။

တကယ်တမ်းမှာ တကယ် လယ်လုပ်သူတွေ တောင်းဆိုနေတာက လယ်လုပ်သူ လယ်ပိုင်ခွင့် ရရေး ဖြစ်ပြီး ဒီဥပဒေက လယ်သမားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောထားခြင်း မရှိ ပါဘူး။

တကယ် လယ်လုပ်သူတွေဟာ လယ်ပိုင်ခွင့် မရှိဘဲ လယ်စာရင်းငှား ဘဝကို ထင်ဟပ်တဲ့ ဥပဒေသာ ဖြစ်တယ်လို့ တရားရုံးချုပ် ရှေ့နေ ဉီးအောင်ထူးက ပြောပါတယ်။

ဟိုးအရင် စစ်အစိုးရတွေ လက်ထက် ကတည်းက ရှိခဲ့တဲ့ ဥပဒေကို နံမယ် ပြောင်းရုံသာ ပြောင်းတာ ဖြစ်တဲ့ အတွက် အစိုးရသစ် တက်တယ်ဆိုပေမယ့် အပြောင်းအလဲတွေက ဥပဒေတွေမှာ လာပေါ်ခြင်း မရှိဘူးလို့ ရှေ့နေ ဉီးအောင်ထူးက သုံးသပ်ပါတယ်။

လယ်လုပ်သူ လယ်ပိုင်ခွင့် ရရေးကို မြန်မာ နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလ ကတည်းက တောင်းဆိုလာတာ ဖြစ်ပေမယ့် ကနေ့ထိ မရရှိသေးပါဘူး။

အဓိကက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မှီပြီး ဒီလယ်ယာမြေ ဥပဒေကို ရေးဆွဲတာ ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြေင်းမချင်း လယ်သမားတွေ တောင်းဆိုတဲ့ လယ်လုပ်သူ လယ်ပိုင်ခွင့် ရစရာ အကြောင်းမမြင်ဘူးလို့ တရားရုံးချုပ် ရှေ့နေ ဉီးအောင်ထူးက သုံးသပ်ပါတယ်။

မြန်မာ နိုင်ငံမှာ မြေအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ပြီး ဂရံမြေ ရှိတဲ့ မြေတွေကိုတောင် လိုချင်ရင် သိမ်းယူတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။

လယ်သမားတွေဆီက လယ်မြေတွေကို လျော်ကြေး မပေးဘဲ သိမ်းယူမှုတွေ နေရာ အနှံ့မှာ ဖြစ်ပွားနေသလို လယ်သမားတွေရဲ့ နစ်နာကြေး ပေးရေး တောင်းဆိုချက်တွေကိုတောင် မလိုက်လျောတာတွေ ရှိပါတယ်။

(အပြည့်အစုံကို ၂၁/၀၃/၂၀၁၂ မနက်ပိုင်း အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။)