RCSS/SSA ရဲ့ မိုင်းယောင်းစခန်းကို အစိုးရတပ် ဝင်သိမ်း

  • 20 မတ် 2012
ဓာတ်ပုံ မူပိုင် taifreedom
Image caption SSA နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ အပစ်ရပ်ရေး သဘောတူခဲ့ကြ

မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ရဲ့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်က တပ်စခန်း တခုကို မြန်မာ အစိုးရ စစ်တပ်က တနင်္ဂနွေနေ့က ၀င်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။

ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်မှာ အခြေစိုက်နေတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းရဲ့ တပ်ရင်းအမှတ် ၁၀၈ နဲ့ မြန်မာအစိုးရ စစ်တပ် ခြေမြန် တပ်ရင်း (ခမရ) ၅၇၃ တို့ဟာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီ ကျော်ကျော်လောက်မှာ မိုင်းယောင်းမြို့နယ်နဲ့ တာချီလိတ်မြို့နယ်ကြားက လွယ်လန့်ဖှာ့ဟင်ချိုတောင် အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

မြန်မာအစိုးရ စစ်တပ်က သူတို့ရဲ့ တပ်စခန်းကို အင်အား အလုံးအရင်းနဲ့ ၀င်ရောက် တိုက်ခိုက်လာရာကနေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ ပစ်ခတ်မှု နာရီဝက်ကျော် ကြာလာတဲ့အချိန်မှာ SSAဘက်က အရင် နောက်ဆုတ်ပေးလိုက်ရကြောင်း အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ SSA တပ်မှူးကြီးတစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ဒါပေမယ့် ဒီအတိုင်း ဆက်ဖြစ်သွားမယ်ဆိုရင် ရှမ်းပြည်တခုလုံးမှာ လှုပ်ရှားနေတဲ့ SSA အနေနဲ့ တခြားနေရာမှာ ထိထိ ရောက် ပြန်လည်တုန့်ပြန်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။

ပြီးခဲ့တဲ့အပတ် စနေနေ့တုန်းကလဲ မြန်မာအစိုးရစစ်တပ် ခမရ ၅၇၃ နဲ့ပဲ တစ်ကြိမ် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးပြီလို့ အဲဒီ တပ်မှူးကြီးက ပြောပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်းဟာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ပဏာမအဆင့် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့ကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့အချိန်ကနေ အခုချိန်ထိ ၃ လတာ ကာလအတွင်း တိုက်ပွဲငယ်ပေါင်း ၁၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားတဲ့ကြားကပဲ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေသေးဟာ မြန်မာအစိုးရ စစ်တပ်က စစ်အင်အားတွေ ဖြည့်တင်းတယ်၊ SSA တပ်စခန်းရှိတဲ့နေရာတွေမှာ ကျူးကျော် ၀င်ရောက် လှုပ်ရှားပြီး တိုက်ခိုက်လို့ ဖြစ်တာလို့ SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဒီလုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် အစိုးရက တပ်မတော်အပေါ် ထိရောက်စွာ မကြီးကြပ် နိုင်တာကြောင့်လား ဆိုပြီး SSA ဘက်က သံသယ ရှိလာတယ်လို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။

အစိုးရကသာ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် နှစ်ဦးနှစ်ဘက် လုပ်ထားတဲ့ သဘောတူချက်အတိုင်း ကြိုးစား လုပ်ဆောင်သွားစေချင်ကြောင်း၊ အဲဒီလို မဟုတ်ပဲ သူတို့ တပ်ဖွဲ့တွေကို ၀င်ရောက် တိုက်ခိုက်နေမယ်၊ သူတို့တပ်ဖွဲ့ လှုပ်ရှားတဲ့ နယ်မြေတွေမှာ ချုပ်ချယ် ကန့်သတ်နေအုံးမယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး စာချုပ်ဟာ အလဟဿ ဖြစ်သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောပါတယ်။