ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်ကို ဖိတ်ခေါ်

NLD Logo ဓာတ်ပုံ မူပိုင် AFP
Image caption လေ့လာသူတွေ ဖိတ်ခေါ်မှု အန်အယ်လ်ဒီ လည်း ကြိုဆို

လာမယ့် ဧပြီလ ၁ရက်နေ့ မှာ ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ တို့က ကိုယ်စားလှယ်တွေ၊ သတင်း သမား တွေကို မြန်မာ အစိုးရက ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ်လိုက် ပါတယ်။

ဒီ ဖိတ်ကြားမှုဟာ အားရစရာ ကောင်းတဲ့ ခြေလှမ်း တရပ် ဖြစ်တယ်လို့ ရန်ကုန်မြို့ မှာ ရှိတဲ့ အမေရိကန် သံရုံး အရာရှိ က ပြောပါတယ်။

အာဆီယံ အရှေ့တောင် အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတွေက လေ့လာသူ တွေနဲ့ သတင်းထောက်တွေကို ဖိတ်ခေါ်ပြီး နောက်တနေ့မှာ အစိုးရက အခုလို ဖိတ်ကြား လိုက်တာပါ။

အာဆီယံ အဖွဲ့ဝင် နိုင်ငံ တခုချင်းစီ ကနေ ပါလီမန် အမတ် နှစ်ယောက်ကျ စီနဲ့ အတူ သတင်း သမား ၃ ယောက် တို့ကို လေ့လာ စောင့်ကြည့်ဖို့ အတွက် မြန်မာအစိုးရက ဖိတ်ခေါ်တယ်လို့ အာဆီယံ အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် အထူး သံအမတ်ကြီး ကလည်း တောင်းဆိုခဲ့

လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိ ဆိုတာ စိုးရိမ်တဲ့ အကြောင်း ဖော်ပြ ခဲ့တဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တော့ ဒီဖိတ်ခေါ်မှု ကို ကြိုဆိုတယ်လို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနေတယ် ဆိုတာ အပြောမဟုတ်ဘဲ လက်တွေ့ သိခွင့် ရှိတယ် ဆိုရင် ပိုပြီး ဂုဏ်သိက္ခာ ရှိတဲ့ အတွက် ကြိုဆိုတာလို့ အန်အယ်ဒီ အတွင်း ရေးမှူး အဖွဲ့ဝင်၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်ရာ တာဝန်ခံ ဦးဉာဏ်ဝင်းက ပြော ပါတယ်။

ရွေးကောက်ပွဲ ကို လာရောက်လေ့လာ စောင့်ကြည့်သူတွေဟာ ရွေးကောက်ပွဲ ဆိုင်ရာ ကျွမ်းကျင်သူ၊ အလေ့ အကျင့် ရှိသူတွေ ဆိုရင် ပိုပြီး အကဲခတ်ရတာ မှန်ကန်မယ်လို့ ယူဆကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါမှသာ လျှို့ဝှက် မဲပေး စနစ်မှာ ဘယ်လောက် ထိရောက်တဲ့ နည်းလမ်းတွေ နည်းဥပဒေ တွေကို လုပ်ထားသလဲ၊ ရွေးကောက်ပွဲ ကျင်းပပုံ မဲရုံ အနေ အထား စတာ တွေကို ကျွမ်းကျင်သူတွေ ကတော့ ချက်ချင်း မြင်နိုင်တယ်လို့ လည်း သူက ပြောပါတယ်။

လာရောက် လေ့လာသူတွေကို ကန့်သတ်ချက်တွေ မထားဘဲ လွတ်လွတ် လပ်လပ် ခွင့်ပြုဖို့ လိုအပ်ပြီး မဲရေတွက်ပုံ နဲ့ မဲစာရင်း တွေ အပြင် မဲဆန္ဒရှင်တွေရဲ့ မဲပေးမှု အခြေ အနေ စတာတွေ အားလုံးကို ကြည့်ရှုနိုင်မှသာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောနိုင်မှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြော ပါတယ်။