ဖွံ့ဖြိုးရေး အားမပေးတဲ့ ဘက်ဂျက်သစ်

  • 23 မတ် 2012
budget
Image caption စိုက်ပျိုးရေး အတွက် ဘက်ဂျက်သိပ်နည်း

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်သစ် အတွက် မြန်မာ အစိုးရ ဘက်ဂျက် ခွဲဝေမှုမှာ ကာကွယ်ရေး စရိတ် လျှော့ချ ခဲ့ပေမယ့် စိုက်ပျိုးရေး အတွက် သိပ်နည်းတယ်လို့ မြန်မာ စီးပွားရေး ပညာရှင် တဦးက သုံးသပ်ပါတယ်။

ဘတ်ဂျက် အများဆုံး သုံးတဲ့ ကာကွယ်ရေး ဌာန အသုံး စရိတ် ၃ ပုံ တပုံပဲ စိုက်ပျိုးရေးကို ပေးလို့ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် မကောင်းဘူးလို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ စီးပွားရေး အကြံပေး ဦးစိန်ဌေးက သုံးသပ်ပါတယ်။

ဘတ်ဂျက်မှာ သန်းပေါင်း နှစ်သန်း နီးပါး လိုငွေ ပြနေတာကို ဘယ်လို ဖြည့်တင်းမယ် ဆိုတာ မသိရဘဲ အရင် အနှစ် ၂ဝ ကလို စက္ကူငွေ တွေ ထပ်ရိုက်မယ် ဆိုရင် ငွေဖောင်းပွပြီး ကုန်စျေးနှုန်းတွေ တက်လာနိုင်တယ်လို့ လည်း ဆိုပါတယ်။

ပညာရေး နဲ့ ကျန်းမာရေး ဌာနတွေမှာ မနှစ်ကထက် အသုံး စရိတ် နှစ်ဆက လေးဆထိ တိုးတယ် ဆိုပေမယ့် စုစုပေါင်း ကျပ် သန်းပေါင်း ၁၁ သိန်း ကျော်ပဲ ရပါတယ်။

စစ်အစိုးရ လက်ထက် အနှစ် ၂ဝ လောက် ပညာရေး ကျန်းမာရေး နိမ့်ကျခဲ့လို့ လူငယ်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ ထိခိုက်ခဲ့တဲ့ အတွက် ပိုပေးသင့်တယ်လို့ ဆိုပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်အတွက် အသုံးစရိတ် တနှစ်ကို ဘက်ဂျက် တဝက်နီးပါး သုံးလေ့ရှိ ပေမယ့် ဒီနှစ်မှာ ၆ ပုံ ၁ ပုံ ထိ လျှော့ပစ်တာဟာ တိုးတက်မှုလို့လည်း ပြောကြား ခဲ့ပါတယ်။