Derek Mitchell ထံ လူမျိုးစုတွေ စာတင်

mitchell
Image caption တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်မှသာ လုံခြုံမယ်

အမေရိကန်ပြည်ထောင်စု မြို့ကြီး ၆၇ မြို့မှာ အခြေချ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ က မြန်မာနိုင်ငံ တွင်းက တိုင်းရင်းသား ဒေသတွေ မှာ ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရပ်တန့် ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံတမန် Derek Mitchell ထံ လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။

ဒီ တောင်းဆိုစာ ကို မြန်မာ့အရေး ဆောင်ရွက် နေတဲ့ US Campaign for Burma က ဦးအောင်ဒင်နဲ့ အတူ ကရင်တိုင်းရင်းသူ တဦး နဲ့ ကချင်တိုင်းရင်းသားတဦးက Derek Mitchell ထံ မတ်လ ၂၂ ရက်နေ့က တွေ့ဆုံ ပေးအပ်ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်မှု ရပ်တန့်ဖို့ စစ်တပ် ကို ညွှန်ကြား တာတောင် မနာခံတာ Derek Mitchell က ဆောင်ရွက်ပေးနိုင် ပါ့မလား ဆိုတော့ US Campaign for Burma က ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေးဖို့ လိုပုံ၊ ပြည်မ မှာ တိုးတက်မှု ရှိပေမယ့် တိုင်းရင်းသားဒေသ တွေမှာ တိုက်ပွဲတွေ ဖြစ်ဆဲ မို့ တိုင်းရင်းသား တွေ ဘက်က အသိပေးတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

တိုင်းရင်းသားတွေ လိုလား တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် မှသာ သူတို့ အနေနဲ့ လုံခြုံမှု ရှိနိုင်မယ့် အကြောင်း Derek Mitchell ကို ပြောခဲ့ပုံကို ဦးအောင်ဒင် က ရှင်းပြပါတယ်။

အမေရိကန် အစိုးရ က တိုင်းရင်းသား ဒုက္ခသည်တွေ ကို ဒေါ်လာ ၁ ဒသမ ၅သန်း ပေးဖို့ အစီအစဉ် ရှိပေမယ့် တကယ် လိုတာက ဒေါ်လာ ၁၂ သန်း ရှိနေပုံ ကို ကုလသမဂ္ဂ စာရင်း အရ သိရပုံ၊ ဒါပေမယ့် နိုင်ငံတကာ အဖွဲ့တွေ ဝင်ခွင့် မပေးတဲ့ အတွက် အခက်အခဲ ရှိနေကြောင်း Derek Mitchell ကို အသိပေးခဲ့တယ်လို့ ဦးအောင်ဒင် က ပြောပါတယ်။