စက်မှုဇုံ လုပ်သား သမဂ္ဂဖွဲ့ချင်သူ အထုတ်ခံရ

  • 22 မတ် 2012
factory
Image caption အထည်ချုပ် စက်ရုံ အလုပ်သမများ

မြန်မာ နိုင်ငံမှာ အစိုးရက သမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့် ပေးထားပေမယ့် Ever First အထည်ချုပ် စက်ရုံမှာ သမဂ္ဂ ဖွဲ့ဖို့ ကြိုးစားသူ နှစ်ယောက် အလုပ် ထုတ်ခံခဲ့ရပါတယ်။

အလုပ်သမား သမဂ္ဂ ဖွဲ့စည်းဖို့ စည်းရုံးတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ စိုးကျော်နဲ့တိုးဇော် အလုပ် သမား နှစ်ယောက်ကို မန်နေဂျာက ခေါ်ပြောပြီး အလုပ် ထုတ်လိုက်တယ်လို့ အလုပ် သမား သမဂ္ဂတွေ ပေါ်ပေါက်လာဖို့ ကြိုးစားနေတဲ့ မအိရွှေစင်က ဘီဘီစီကို ပြောပြပါတယ်။

အလုပ်သမား အများစုဟာ ကိုယ့် လုပ်ပိုင်ခွင့်တွေကို မသိရှိကြတဲ့ အတွက် သိရှိအောင် လိုက်လံ စည်းရုံးရင်း အလုပ်ဖြုတ်ခံရတာ ဖြစ်ပါတယ်။

ပထမ အဆင့် အနေနဲ့ အလုပ်ရှင်တွေကို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို အသိ အမှတ် ပြုဖို့နဲ့ အခု အလုပ် ဖြုတ်ခံထားရတဲ့ အလုပ်သမား နှစ်ယောက်ကို အလုပ် ပြန်ခန့် ပေးဖို့ တောင်းဆိုမယ်လို့ မအိရွှေစင်က ပြောပါတယ်။

အဲဒိအဆင့်ကို မလိုက်လျောရင် သက်ဆိုင်ရာ ဥပဒေကြောင်းနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စကတည်းက အလုပ်သမားတွေဟာ သမဂ္ဂ ဖွဲ့စည်းရေး ကိစ္စရပ်တွေနဲ့ ကျွမ်းဝင်မှု မရှိတဲ့ အပြင် စိုးရိမ် ကြောက်ရွံ့မှုတွေ ရှိနေတဲ့ အတွက် အစိုးရက ခွင့်ပြုတယ် ပြောနေပေမယ့် စစ်မှန်တဲ့ အလုပ်သမား သမဂ္ဂတွေ ပေါ်ပေါက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မြန်မာ နိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက် ခံရမှုတွေ မကြာခဏ ရှိပါတယ်။

လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်းတာ၊ လစာ မပေးဘဲ ခွင့်ယူခိုင်းတာတွေကြောင့် တိုင်ရီ ဖိနပ် စက်ရုံက အလုပ်သမားတွေ မကြာသေးခင်က သပိတ်မှောက်ခဲ့ပါတယ်။