ရုပ်ရှင် အစည်းအရုံးသစ် ဖွဲ့စည်း

  • 24 မတ် 2012
Image caption မြန်မာ ရုပ်ရှင် သမိုင်း ပြတိုက်ရှေ့က ဆိုင်းဘုတ်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ရုပ်ရှင် လောကသားတွေ စုဝေး တွေ့ဆုံ မဲခွဲ ရွေးချယ် ပြီး ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

ရုပ်ရှင် အစည်း အရုံးဟောင်းဟာ ရုပ်ရှင် လောကသားတွေရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို ရုပ်ရှင်လောက ကောင်းကျိုး အတွက် ဘာမှ လုပ်မပေးနိုင်လို့ ရုပ်ရှင်လောကရဲ့ ဝါရင့် မိဘတွေရဲ့ ဉီးဆောင်မှု အောက်မှာ အခုလို ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့တာလို့ ဒါရိုက်တာ မောင်မျိုးမင်းက ဘီဘီစီကို ပြောပြပါတယ်။

အစည်းအရုံး ဥက္ကဌနဲ့ အလှုပ် အမှုဆောင် အဖွဲ့အပါအဝင် အစည်းအရုံး ရာထူး နေရာတွေ ရွေးချယ်ရာမှာ ရုပ်ရှင်ကား၊ ဗီဒီယိုကား သတ်မှတ်ထားတဲ့ အရေအတွက် တခုထိ ရိုက်ကူးထားသူ ဖြစ်ရမယ် ဆိုတဲ့ အချက်တွေကို စည်းကမ်း သတ်မှတ်ထားတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် အစည်းအရုံး ရာထူး နေရာတွေကို မဲပေး ရွေးချယ်ခွင့် ရဖို့ အတွက်လည်း သတ်မှတ်ထားတဲ့ ဇာတ်ကား အရေအတွက်ကို ရိုက်ကူးထားပြီးသား ဖြစ်ရမယ်လို့ ပြောပါတယ်။

အစည်းအရုံး ဖွဲ့စည်းပုံကို အကြမ်းအားဖြင့် ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ပို့ ဇတ်ရံ၊ နောက်ခံ ဂီတ စသဖြင့် အမျိုးအစား ဆယ့်တမျိုး သတ်မှတ်ထားပြီး တမျိုးကနေ ကိုယ်စားလှယ် နှစ်ယောက်ကျစီကို အလုပ် အမှုဆောင် ကောင်စီမှာ ခန့်ထား ရွေးချယ်ဖို့ စီစဉ် ထားပါတယ်။

လောလောဆယ် ဒါရိုက်တာ အမျိုးအစားက ဒါရိုက်တာ မျိုးဇော်အောင်နဲ့ ညီထွန်းလင်းတို့ နှစ်ယောက်ကို ရွေးထားပြီး ဇာတ်လမ်း ဇာတ်ညွှန်း အမျိုးအစားမှာ တက္ကသိုလ် ယဉ်ယဉ်လဲ့နဲ့ အေးကြူလေးတို့ကို အလုပ် အမှုဆောင် အဖွဲ့ထဲ ရွေးထားပါတယ်။

ရုပ်ရှင် အစည်းအရုံးသစ် ပြန်ဖွဲ့တာကို ရုပ်ရှင် အစည်း အရုံးဟောင်းက မလိုလားဘဲ အစည်းအရုံးသစ် ဖွဲ့ရာမှာ လာရောက် နှောက်ယှက်မှုတွေ ရှိတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောပြခဲ့ပါတယ်။