ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်မှာ ရွေးကောက်ပွဲ ရွှေ့ဆိုင်း

ကချင် ပြည်နယ် အတွင်းက မဲဆန္ဒနယ်မြေ သုံးခုမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင် လောက်အောင် လုံခြုံရေး အခြေ အနေ မရှိတဲ့ အတွက် ကြားဖြတ် ရွေးကောက်ပွဲ လုပ်ဖို့ ရွှေ့ဆိုင်းလိုက်တယ်လို့ မြန်မာ့ သတင်း မီဒီယာ တွေမှာ သောကြာနေ့ ညနေပိုင်းက ကြေညာ သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကချင် စည်းရုံးရေး ခရီးစဉ်မှာ လူထု အများ ထောက်ခံ ခဲ့ကြ

ကချင် ပြည်နယ်၊ မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော် စတဲ့ သုံးမြို့နယ် ဖြစ်ပါတယ်။ ဖားကန့် မြို့နယ် အတွင်းက ကျေးရွာ တချို့မှာ လုံခြုံရေးကို အကြောင်းပြပြီး မဲရုံတွေကို ပိတ်ထား တယ် ဆိုတဲ့ သတင်း တွေကို တော့ အစောပိုင်း ကတည်းက ကြားနေခဲ့ရ တာပါ။

အဲဒီ နေရာ တွေမှာ ရွေးကောက်ပွဲ မလုပ်တော့ ဘူး ဆိုတာဟာ မဲပေး ပိုင်ခွင့် ရှိသူတွေ ရဲ့ အခွင့် အရေး ဆုံးရှုံးတာ ဖြစ်တယ်လို့ အဲဒီ နယ်မြေကနေ ဝင်ရောက် ရွေးကောက်ခံ ဖို့ ပြင်ဆင် ထားတဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။

သူ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဖားကန့် မြို့နယ် ဆိုတာဟာ လုံခြုံရေး အရ စိုးရိမ်စရာ အခြေ အနေ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဖားကန့် ဘက်ကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်းက လည်း သူ့ အနေနဲ့ လုံခြုံရေး ပြဿနာ မမြင်ခဲ့ဘူးလို့ ပြောပါတယ်။

မိုးကောင်း မြို့နယ် အတွင်း ဒေသ ရှစ်ခု လောက်မှာ လုံခြုံရေး မရှိတဲ့ အတွက် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က ရွေးကောက်ပွဲ မလုပ်ဖို့ ပြီးခဲ့တဲ့ တစ်ပတ်က တင်ပြခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ သွားရောက် တွေ့ဆုံခဲ့စဉ် ရွေးကောက်ပွဲ ဆက်ကျင်းပ မယ်လို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အေးချမ်းတဲ့ နေရာတွေမှာ လုံခြုံရေး အကြောင်း ပြပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်း ဖို့ ကြိုးပမ်းတာဟာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ အဲဒီနယ်မြေတွေမှာ နိုင်ချေ မရှိတာရယ် သူတို့ စည်းရုံးနိုင်စွမ်း မရှိတာတွေရယ်ကြောင့် ဖြစ်နိုင် တယ်လို့ ဦးဉာဏ်ဝင်းက ခန့်မှန်း ပါတယ်။

လက်ရှိအစိုးရဟာ ဥပဒေ အရရော နိုင်ငံရေး အရရော ဒိုင်လူကြီး နေရာမှာ ရှိသင့် ပေမဲ့ အခု မြင်တွေ့နေရ တာက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဖြစ်စေချင်တာကို လိုက်လုပ်နေလို့ ဒိုင်လူကြီး နေရာမှာ ရှိနေရဲ့လား ဆိုတာ မေးစရာ ဖြစ်နေတယ်လို့ လည်း သူက ထောက်ပြပါတယ်။