စက်မှု ဖွံ့ဖြိုး ဌာန ဘတ်ဂျက် အကုန် ဖြတ်ခံရ

  • 24 မတ် 2012
Image caption မြန်မာ့ ဆိပ်ကမ်းက ဝန်ချီ စက်ယန္တယားတွေ

၂ဝ၁၂-၂ဝ၁၃ ခုနှစ် အတွက် အစိုးရ ဘတ်ဂျက်ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ရာမှာ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနက ဘတ်ဂျက် အားလုံး အဖြတ်ခံခဲ့ရပါတယ်။

ဝန်ထမ်း လစာလို သာမန် အသုံး စရိတ်တင် မက စီမံကိန်းတွေမှာ ရင်းနှီး မြှုပ်နှံမယ့် ငွေလုံးငွေရင်း ဘတ်ဂျက် မပါတော့တဲ့ အတွက် မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန တခုလုံး ရပ်တည်ဖို့ အခက်အခဲ ရှိနေပြီး ဝန်ထမ်းတွေ လခ ပေးဖို့တောင် အခက်အခဲ ရှိနေပါတယ်။

အစမှာ ရင်းနှီး မြှတ်နှံမှု ငွေရင်းကိုသာ ဖြတ်ဖို့ ဥပဒေ မူကြမ်းမှာ ရေးထားပေမယ့် ဝန်ထမ်း လစာတွေကိုပါ ဖြတ်ခိုင်းဖို့ ညွှန်ကြားပြီး ပြန်ပြင်ဆွဲခိုင်းတဲ့ အတွက် သာမန် အသုံးစရိတ်တွေ အပါအဝင် အကုန် အဖြတ် ခံရတာ ဖြစ်တယ်လို့ ကြံဖွံ့ အမတ် ဉီးဝင်းသန့်က ဘီဘီစီကို ပြောပြပါတယ်။

ဝန်ထမ်းတွေ အနေနဲ့ ခုမတ်လကုန်ထိတော့ လခ ရနိုင်စရာ ရှိပြီး ရှေ့လကစပြီး ဝန်ကြီးဌာနမှာ ပေးစရာ ပိုက်ဆံ မရှိတော့ပါဘူး။

ဒါပေမယ့် ဝန်ကြီးဌာနမှာ လွှဲပြောင်း သုံးစွဲငွေ ရှိပြီး စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို တခြား ဝန်ကြီး ဌာနတခုကို မပေါင်းမချင်း ဝန်ထမ်း လစာတွေ ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အစိုးရ အနေနဲ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနက ဝန်ထမ်းတွေကို တခြား ဝန်ကြီးဌာနထဲ ရွှေ့ပြောင်းတာကို အမြန်ဆုံး ပြန်တမ်းထုတ် လုပ်ဆောင်သင့်တယ်လို့ ကြံ့ဖွံ့ အမတ်က ပြောပါတယ်။

ဝန်ကြီး ဌာန နောက်တခုနဲ့ ပေါင်းတဲ့ အခါ ဆက် အလုပ် မလုပ်ချင်တဲ့ ဝန်ထမ်းက ဝန်ထမ်း ဥပဒေ အရ လျော်ကြေး ယူပြီး စောစောစီးစီး ပင်စင် ယူသွားဖို့ပဲ ရှိပါတယ်။