အစိုးရတပ်နဲ့ SSA တပ်မဟာ ၁ ပစ်ခတ်မှုဖြစ်

  • 23 မတ် 2012
shan herald ဓာတ်ပုံ မူပိုင် shan herald
Image caption SSA တပ်မဟာ ၁ နဲ့ အစိုးရတပ် ပြန်တိုက်

SSA တပ်မဟာ ၁ လို့ သိကြတဲ့ ရှမ်းပြည် တပ်မ တော် မြောက်ပိုင်းနဲ့ မြန်မာ အစိုးရတပ်တို့ ငြိမ်း ချမ်းရေး ယူထားတဲ့ ကြားက ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူး မြို့နယ်မှာ အခြေ စိုက်နေတဲ့ SSPP/SSA ရဲ့ တာစံပူး တပ်စခန်း ကို အစိုးရ စစ်တပ်ဘက်က ရုပ်သိမ်းခိုင်းတာကို SSA ဘက်က မရုပ်သိမ်း ရာကနေ အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သတင်း ရရှိပါတယ်။

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ SSA အရာရှိ တယောက် အပြောအရ မြန်မာအစိုးရ စစ်တပ်က သူတို့ကို တာစံပူး တပ်စခန်းကနေ ဆုတ်ခွာ ခိုင်းသလို အဲဒီတပ်စခန်းကိုပါ ရုပ်သိမ်းခိုင်းရာမှာ SSA ဘက်က ရုပ်သိမ်းဖို့ ငြင်းဆိုလိုက်လို့ အစိုးရ စစ်တပ်က စပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ ရာကနေ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

SSA ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ မြန်မာ အစိုးရ စစ်တပ်ကတော့ ရှမ်းပြည်တောင်ပိုင်း မိန်းစန် မြို့နယ်ခွဲမှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့တွေလို့ သိရပေမဲ့ တပ်နံပါတ် အတိအကျကို မသိရဘူးလို့ အဲဒီ SSA အရာရှိက ပြောပါတယ်။

မြန်မာ အစိုးရဘက်က ပြန်လည် ဆုတ်ခွာမှ ပစ်ခတ်မှုက ရပ်စဲသွားတယ်လို့ သတင်းရရှိ ပါတယ်။

ဒီပစ်ခတ်မှုက မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ကနေ ၅ နာရီ အထိ ဖြစ်ပွားခဲ့ပြီး SSA ဘက်က ထိခိုက် ကျဆုံးမှု မရှိဘူးလို့ အဲဒီ အရာရှိက ဘီဘီစီကို ပြောပါတယ်။

အခုချိန်မှာ SSA ဘက်ကလဲ အဲဒီ ဒေသတွေမှာ အင်အားတွေ ထပ်မံ ဖြည့်တင်းနေတယ်လို့ သတင်း ရရှိပါတယ်။

SSPP/SSA ဟာ ဒီနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ မြန်မာအစိုးရ ကိုယ် စားလှယ်တွေနဲ့ ပြည်နယ် အဆင့်နဲ့ ပြည်ထောင်စု အဆင့်မှာပါ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအပစ်ခတ် ရပ်စဲရေး လုပ်ပြီးတဲ့ အချိန်ကနေ အခုချိန်ထိ နှစ်ဘက်ကြားမှာ တိုက် ပွဲငယ်ပေါင်း အခုအကြိမ်နဲ့ပါဆို လေးကြိမ် ဖြစ်ပွားခဲ့ပြီး ပါပြီ။

ဒါ့အပြင် SSPP/SSA ထိန်းချုပ် နယ်မြေမှာ လှုပ်ရှားနေတဲ့ မြန်မာ အစိုးရ စစ်တပ်ကို ရုပ် သိမ်းပေးဖို့ ဆွေးနွေးပွဲမှာ SSA က တောင်းဆို ထားပေမယ့် အခုချိန်ထိ ရုပ်သိမ်းတာ မရှိ သေးသလို ထပ်ပြီးတော့ အင်အားဖြည့်တာ၊ တပ်စခန်း ချဲ့ထွင်တာ လုပ်နေသေးတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ကိစ္စဟာ နှစ်ဘက်ကြား ပြုလုပ်ထားတဲ့ ငြိမ်းချမ်းရေး သဘော တူညီမှုကို ထိခိုက် စေနိုင်မလား ဆိုပြီး SSA စစ်ဘက်ဆိုင်ရာက ဗိုလ်မှူး တဦးကို ဘီဘီစီက မေးကြည့်ရာမှာ မြန်မာ အစိုးရက လက်နက်ကိုင်တိုင်းရဲ့ နယ်မြေတွေကို လက်နက် ပို့ဆောင်နေတာတွေ တပ်တိုးချဲ့ တည်ဆောက်နေတာတွေ ပြုလုပ်နေတဲ့ အတွက် ငြိမ်းချမ်းရေး ရေရှည် တည်တံ့ဖို့ မမြင်ကြောင်း၊ ငြိမ်းချမ်းရေး ပျက်ပြားသွားမလား တည်မြဲမလားဆိုတာ အစိုးရရဲ့ လုပ်ဆောင်နိုင်ပေါ်မှာသာ မူတည်မယ်လို့ အဲဒီ အရာရှိက ပြောပြသွားပါတယ်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်းလိုပဲ ရှမ်းပြည် ပြန်လည် ထူထော်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA)ဟာလဲ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားပေမယ့် အစိုးရစစ်တပ်နဲ့ ၁၄ ကြိမ်အထိ ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် RCSS/SSA လည်း မြန်မာ အစိုးရကို သံသယ ရှိလာပြီး စိုးရိမ်မှုတွေ ရှိနေတယ်။

အလားတူပဲ ကရင်တပ်ဖွဲ့ KNUနဲ့လဲ အပစ်အခတ် ရပ်ထားတယ် ဆိုပေမယ့်လည်း တိုက်ပွဲတွေ ဖြစ်နေသလို နောက်တခါ ကချင်တပ်ဖွဲ့ KIAနဲ့လည်း ငြိမ်းချမ်းရေး ယူဖို့ ကြိုးစားနေပေမယ့် ခုချိန်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတာကို တွေ့နေရတုန်းလို့ ဖြစ်ပါတယ်။

အခုလိုမျိုး တဘက်မှာ မြန်မာ အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ် ဆိုပေမယ့် မြန်မာ အစိုးရ စစ်တပ်က တဘက်ကနေ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဆက်လက် ပစ်ခတ် တိုက်ခိုက် နေတဲ့အတွက် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ထိရောက်အောင် လုပ်ဖို့ဆိုတာ အချိန်ယူ လုပ်ဆောင် ရဉီးမယ့်ပုံ ရှိပါတယ်။