မြိတ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်

  • 25 မတ် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption နာမကျန်း ဖြစ်နေတဲ့ကြားက မြိတ်လူထုကို ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောခဲ့

တနင်္သာရီတိုင်း မြိတ်မြို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် အတွင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နာမကျန်းဖြစ်ခဲ့အပြီးမှာ နောက်ထပ် သွားဖို့ စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက် ကြောင်း NLD က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ခရီးပန်းတာကြောင့်ရော၊ အတွေ့အကြုံ သိပ်မရှိ တဲ့အတွက် လှိုင်းမူးတာကြောင့်ပါ အခုလို မူးဝေ အော့အန်ပြီး နာမကျန်း ဖြစ်ခဲ့ရတာလို့ သိရ ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေအရ မတ်လ ၂၇ရက်နဲ့ ၂၈ရက်နေ့တွေမှာ သွားဖို့ ရှိတဲ့ မကွေး ခရီးစဉ်ကို ဖျက်သိမ်းလိုက်ဖို့ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က အကြံပြုခဲ့တာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြိတ်မြို့ စည်းရုံးရေး ခရီးစဉ်အတွင်း ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေး အခြေအနေကြောင့် မြိတ်မြို့နယ်တွင်းက သူသွားချင်တဲ့ ခရီးတွေ အားလုံး မသွားနိုင်ခဲ့ပဲ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လာခဲ့ရပါတယ်။