KNU နဲ့ မြန်မာအစိုးရ ရန်ကုန်မှာတွေ့ဖို့ရှိ

  • 25 မတ် 2012
knu_gov
Image caption KNU နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့

မြန်မာအစိုးရနဲ့ ကေအင်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေဟာ လာမယ့် ဧပြီလဆန်း မှာ ရန်ကုန်မှာ ထပ်မံ တွေးနွေးမယ့် အကြောင်း နှစ်ဖက် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ မဲဆောက် မှာ ဆွေးနွေးကြပါတယ်။

ဒီတခါ ဆွေးနွေးရာမှာ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး နဲ့ ပြန်လည်နေရာ ချထားရေး စတာတွေ ပါဝင်မယ် လို့ နှစ်ဖက်စလုံးက ပြောပါတယ်။ မြန်မာဖက် က ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင် လာပြီး ဒါဟာ ကြားဖြတ်ဆွေးနွေးပွဲ ဖြစ်တဲ့ အကြောင်း၊ ဒုတိယ အဆင့် အနေနဲ့ ဧပြီလ ၄ ရက်နေ့မှာ ဆွေးနွေး မယ့် အကြောင်းပြောယင်း၊ ဗဒိုမန်းငြိမ်းမောင် ကိုလည်း ကေအင်ယူ တာဝန်ရှိသူ တွေ လက်ထဲ ပြန်အပ်ပါတယ်။

ကေအင်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က အခုလို မန်းငြိမ်းမောင် ကို ပြန်လွှတ်ပေးတဲ့ အတွက် မြန်မာ အစိုးရ နဲ့ ကေအင်ယူ အကြားမှာ ယုံကြည်မှု တည်ဆောက် လိုက်တာဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပြပါတယ်။

ဗဒိုမန်းငြိမ်းမောင် ကိုယ်တိုင်ကလည်း သူ့ကို ပြန်လွှတ်ပေးတဲ့ အပေါ်မှာ အမျိုးသား ပြန်လည်စည်းရုံးရေး ကိုတည်ဆောက်တဲ့ နေရာမှာ အထောက်အကူ အများကြီးရှိတဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဧပြီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့ အထိ ရန်ကုန်မှာ ဆွေးနွေးပြီးရင်၊ ၉ ရက်နေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီး၊ ကရင်ပြည်နယ် သံတောင်မြို့ နဲ့ တနင်္သာရီ တိုင်း ထားဝယ်မြို့ တွေမှာ ကေအင်ယူ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ် မယ့် အစီအစဉ် တွေလည်း ရှင်းပြကြပါတယ်။