ALP နဲ့ အစိုးရ၊ ငြိမ်းချမ်းရေး ဆွေးနွေးမယ်

  • 26 မတ် 2012
Image caption ALP ဟာ ထိုင်း၊ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် နယ်စပ် တွေမှာ အခြေစိုက် လှုပ်ရှားတာဖြစ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ Arakan Liberation Party (ALP)နဲ့ မြန်မာအစိုး ရဟာ ဧပြီလဆန်းကျရင်၊ စစ်တွေမြို့မှာ ပထမ အကြိမ် တွေ့ဆုံပြီး၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးတဲ့ အခါ ALP ဘက်က တင်ပြဆွေးနွေးမယ့် အချက်တွေ အပေါ် အစိုးရဘက်က သဘောတူညီနိုင်မယ် ဆိုရင် အပစ်အခတ် ရပ်စဲရေး စာချုပ်၊ ချုပ်ဆို နိုင်မှာ ဖြစ်တယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သတင်းထောက်တွေကို ဒီကနေ့ ပြောကြားပါတယ်။

ALP ဘက်က ဆွေးနွေးမယ့် အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ALP ရဲ့ သတ်မှတ် နယ်မြေတွေကနေ အစိုးရတပ်တွေ ဆုတ်ခွားပေးဖို့နဲ့ တပြည်လုံး အတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး ထုတ်ပြန် ကြေညာပေးဖို့ စတဲ့ အချက်တွေ ပါဝင် တယ်လို့ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။

အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့က ALP ကို နှစ်ကြိမ် ဆက်သွားလာပြီးတဲ့ နောက်မှာ ALP နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ဟာ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖြစ်လာတာပါ။

ALP ဟာ မြန်မာနိုင်ငံရဲ့ နယ်ခြားဒေသတွေ ဖြစ်တဲ့ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်တွေမှာ အခြေစိုက် လှုပ်ရှားနေကြတာ ဖြစ်လို့ အဲဒီ ၃ နိုင်ငံ နယ်စပ်က ALP ကိုယ်စားလှယ်တွေဟာ စစ်တွေကို ဧပြီလဆန်း အရောက်သွားပြီး၊ ဧပြီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ALP ကိုယ်စားလှယ်အဖွဲ့ ပထမအသုတ်ဟာ အိန္ဒိယနယ်ကနေ စစ်တွေကို မနက်ဖြန်သွားမှာ ဖြစ်ပြီး၊ ထိုင်းနယ်စပ်အဖွဲ့ ကတော့ အခုလ ၃၀ ရက်နေ့မှာ မဲဆောက် မြဝတီ ရန်ကုန်က တဆင့် စစ်တွေကို သွားကြမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ်တွေ ကတော့ စစ်တွေနဲ့ အနီးဆုံးဖြစ်လို့ ဧပြီလ ၁ ရက်နေ့မှာ စတင်ထွက်ခွာလာမှာ ဖြစ်တယ်လို့ သိရပါတယ်။