နအဖအဖွဲ့ဝင်တွေရဲ့ ပင်စင်အကြောင်း လွှတ်တော်မှာ မထောက်ပြ

  • 26 မတ် 2012
Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပင်စင်လစာ ကျပ်သိန်းတရာ ရတယ်လို့ ပြောနေကြ

ပင်စင်စားတွေကို လစာ တိုးပေးတဲ့ အထဲမှာ နဝတ အစိုးရ ခေါင်းဆောင်ဟောင်း တွေလည်း အပါအဝင် ဖြစ်ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေဆိုရင် ပင်စင် လစာ တလ ကျပ်သိန်းတရာနဲ့ ဆုကြေးငွေ (Gratuity) သိန်းနှစ်ထောင့် သုံးရာ ရကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ အမျိုးသားလွှတ်တော် အမတ် ဉီးဖုန်းမြင့်အောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နအဖ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး အစိုးရ အဖွဲ့ဝင်တွေ ရနေတဲ့ ပင်စင် လစာတွေနဲ့ ပတ်သက်လို့ ဘယ်သူမှ အတိအကျ မသိရသလို လွှတ်တော် အမတ်တွေလည်း အတိအကျ မသိကြဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော် အရာရှိတွေရဲ့ ပင်စင်ဟာ တပ်မတော်ရဲ့ ဆုံးဖြတ်ချက်အောက်မှာ ရှိနေတယ်လို့လည်း ဉီးဖုန်းမြင့်အောင်က ဆိုပါတယ်။

ဒါပေမဲ့ သူတို့ပင်စင် အတွက် ပေးရတဲ့ ငွေဟာ ပြည်သူ့ဘဏ္ဍာငွေဖြစ်တဲ့ အတွက်တော့ လွှတ်တော်နဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေ ဖြစ်တဲ့ အစိုးရ တဖွဲ့လုံး လစာ ခံစားခွင့် လျှော့ယူတာ၊ အစိုးရ ပင်စင်စားတွေကို လစာ တိုးမြှင့်ပေးခဲ့တာ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ဖွဲ့ခဲ့တာတွေကိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး အောက်လွှတ် တော် ဥက္ကဌ သူရ ဦးရွှေမန်းက သောကြာနေ့တုန်းက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာ ပေးပို့ပြီး ထောက်ပြ ပြောဆိုခဲ့ပြီးနောက်မှာ ပင်စင်စား တပ်မတော် အကြီးအကဲတွေရဲ့ ပင်စင်

သူရ ဦးရွှေမန်း အပါအဝင် တခြား ထိပ်တန်းစစ်ခေါင်းဆောင်ဟောင်း ၁၀ဦးလောက်ရဲ့ ပင်စင် လစာ စုစုပေါင်းဟာလည်း ကျပ် သိန်းထောင်ချီ ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတော် ဘတ်ဂျက် မရှိလို့ အစိုးရ ဝန်ထမ်းတွေကို လစာ တိုးမပေးနိုင်ဘူးလို့ ပြောနေချိန်မှာ အခုလို နအဖအစိုးရ အဖွဲ့ဝင်ဟောင်းတွေရဲ့ ပင်စင်လစာတွေ အဆမတန် ကြီးမားနေတာကို လွှတ်တော်မှာ တင်ပြဆွေးနွေးတာမျိုး ခုချိန်ထိ မရှိသေးပါဘူး။

အခုအခါမှာတော့ အစိုးရ ပင်စင်စားတွေကို လစာတိုးမြှင့်ပေးခဲ့တဲ့ ကိစ္စကို လွှတ်တော်ကို တင်မယ်ဆိုတဲ့အတွက် နအဖ ခေါင်းဆောင်ဟောင်းတွေကို ပင်စင်လစာ အဆမတန် ပေးနေတယ် ဆိုတဲ့ ကိစ္စကို ထောက်ပြ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။