တပ်မတော်က အမျိုးသား နိုင်ငံရေး တာဝန် ထမ်းနေတာလို့ ကာချုပ်ပြော

  • 27 မတ် 2012

မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်ကို ဗမာ့တပ်မတော်နဲ့ တော်လှန်ရေး ပြောက်ကျား ရဲဘော်တွေ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ လူထုက ပူးပေါင်း တိုက်ထုတ်ခဲ့တာ ၆၇ နှစ် ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်အောင်လှိုင်

အဲဒီနေ့ အထိမ်း အမှတ် တပ်မတော်နေ့ အခန်း အနား အဖြစ် မြန်မာ့ တပ်မတော်က ကျင်းပခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေး အင်အားစုတွေ ကလည်း ဖက်ဆစ် တော်လှန်ရေး နေ့ အခန်းအနား အဖြစ်နဲ့ ကျင်းပခဲ့ကြ ပါတယ်။ တပ်မတော်နေ့ အခန်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီး မင်းအောင်လှိုင် က ပြည်သူ လူထုကို ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

သူ့ မိန့်ခွန်းဟာ တပ်မတော် ခေါင်းဆောင်သစ် လက်ထက် တပ်မတော်ရဲ့ ရပ်တည်ချက်ကို ပထမဆုံး ထုတ်ဖော် ပြောကြားခဲ့တဲ့ မိန့်ခွန်းလို့ ဆိုနိုင် သလို အရပ်သား အသွင် ယူထားတဲ့ အစိုးရ လက်ထက်မှာ တပ်မတော် ဘက်က ပထမဆုံး ပြောတဲ့ မိန့်ခွန်းလည်း ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာနှုန်း ပါဝင်တဲ့ ကိစ္စကိုလည်း ထည့်ပြောသွား တာတွေ့ရပါတယ်။ တပ်မတော်သား တွေက လွှတ်တော်ထဲမှာ ပါဝင် ဆောင်ရွက်နေတာဟာ အမျိုးသား နိုင်ငံရေး လုပ်နေတာလို့ သူက ပြောပါတယ်။

ဒီတော့ တပ်မတော်သား တွေဟာ အများနည်းတူ ရွေးကောက်ပွဲဝင်တဲ့ နည်းနဲ့ မဟုတ်ဘဲ လွှတ်တော်ထဲမှာ အဆင်သင့် ပါဝင် နေတဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ်လို့ ပြောတဲ့ NLD နဲ့ တခြား ဒီမိုကရေ စီ အင်အားစု တွေကို သတိပေး ပြောဆို တာလားလို့ ယူဆ စရာ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ အခြေခံ ဥပဒေကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့လည်း သူက ပြောသွားပါတယ်။ တပ်မတော် အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ပါဝင်ဖို့ သဘောထားကို ထင်ဟပ် ပြောဆိုခဲ့တာလည်း တွေ့ရပါတယ်။ တပ်မတော်ဟာ စစ်ရေးသာ မက နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး တို့ကိုပါ လေ့လာ ရမယ်လို့ သူက ဆိုပါတယ်။

တပ်မတော် ရဲ့ သမိုင်းကို ပြောရာ မှာတော့ တပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်က တည်ထောင် ခဲ့တာကို အသိ အမှတ်ပြု ပြောဆိုခဲ့ ပေမဲ့ တပ်မတော်ကို ဆက်လက် တိုးတက် ကြီးပွားအောင် ထူထောင်သူ တွေဟာ ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုသွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption NLD မှာ ကျင်းပတဲ့ ဖက်ဆစ် တော်လှန်ရေးနေ့ အခန်း အနားမှာ နာယက ဦးတင်ဦး မိန့်ခွန်း ပြောစဉ်

တချိန်တည်းမှာ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှာလည်း ဖက်ဆစ် တော်လှန်ရေးနေ့ အခန်း အနား ကျင်းပခဲ့ သလို ဝါရင့်နိုင်ငံရေး သမားကြီးတွေကလည်း ဖက်ဆစ်တော်လှန်ရေးနေ့ အခန်း အနား ကျင်းပခဲ့ကြ ပါတယ်။

ဖက်ဆစ်တော်လှန်ရေး ကာလတုန်းက တပ်မတော်နဲ့ ပြည်သူ လက်တွဲပြီး တစ်သားတည်း စည်းလုံး ညီညွတ် ခဲ့ကြပေမဲ့ နောက်ပိုင်း တိုင်းပြည် အာဏာကို သိမ်းယူခဲ့ ပြီးတဲ့နောက် ပြည်သူတွေ အပေါ် အင်အားပြ ဖိနှိပ် ခဲ့တာတွေ ရှိခဲ့လို့ တပ်မတော်နဲ့ ပြည်သူတွေ ကြားမှာ စိတ်ဝမ်း ကွဲပြားမှုတွေ ရှိခဲ့တယ်လို့ အန်အယ်လ်ဒီ နာယက ဦးတင်ဦးက ပြောပါတယ်။

ဒါပေမဲ့ ပြည်သူလူထု အပေါ် တပ်မတော်က ဘယ်လို ဆက်ဆံရမယ် ဆိုတဲ့ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာပြီး လူထု ယုံကြည်ကိုးစားမှု ရအောင် လုပ်ဆောင်ရင် ဖက်ဆစ် တော်လှန်ရေး ကာလတုန်းကလို တပ်မတော်နဲ့ ပြည်သူ တစ်သားထဲ ပြန်ကျနိုင်မယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် မကျန်းမာတဲ့ အတွက် အန်အယ်လ်ဒီ ရုံးချုပ်မှာ ကျင်းပတဲ့ အခန်းအနား မတက်ရောက်နိုင် ပေမဲ့ သဝဏ်လွာ ပေးပို့ခဲ့ ရာမှာ ဒီနေ့ဟာ စိတ်ဓါတ် တော်လှန်ရေး ဆင်နွဲ နေတဲ့ ကာလလို့ ဆိုပြီး တိုင်းချစ် ပြည်ချစ် တိုင်းရင်းသားတွေ အနေနဲ့ တိုင်းပြည် အတွက် ဘာဆက် လုပ်စရာ ရှိသေးတယ်ဆိုတာကို စဉ်းစားကြဖို့ တိုက်တွန်း ထားတာ တွေ့ရပါတယ်။