ဗုံးခွဲပြီး ငါးဖမ်းမယ့် မြန်မာတွေကို ထိုင်းစစ်တပ်ကဖမ်း

ဓာတ်ပုံ မူပိုင် bbc
Image caption ရနောင်းမြို့နားက ပင်လယ်ပြင်မှာ ဗုံးခွဲပြီး ငါးဖမ်းမှုတွေ ရှိနေ

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က မြန်မာ နိုင်ငံ ရေပိုင်နက်မှာ ဗုံးခွဲပြီး ငါးဖမ်းမဲ့ ငါးဖမ်း စက်လှေ(၂) စီးနဲ့ မြန်မာနိုင်ငံသား (၁၆)ဦးကို ဗုံးခွဲရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ အတူ နယ်မြေခံ လုံခြုံရေးစစ်တပ်က တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းမိတဲ့ ဗုံးခွဲ စက်လှေနှစ်စီးဟာ မြန်မာ ရေပိုင် နက်မှာ ရှိတဲ့ ကျောက်တောင် ကျောက် ကြား မှာ ဗုံးဖေါက်ခွဲပြီး သေဆုံးသွားတဲ့ ငါးတွေကို ဆယ်ယူမယ့် လှေတွေ ဖြစ်ပါတယ်။

ဒီလိုဗုံးခွဲပြီး ငါးဖမ်းတဲ့ လှေတွေကို ထိုင်းအစိုးရဘက်ကလည်း ခွင့်မပြုတဲ့ အတွက် အခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား(၁၆)ဦးကို စက်လှေ နှစ်စီးနဲ့အတူ ဒိုင်းနမိုက်(၆)တောင့်၊ စနက်တံ(၅၇)ခု၊ ယမ်းကြိုးနှစ်ခွေနဲ့ ဗုံးခွဲရာမှာ ပေါက်ကွဲအား ကောင်းတဲ့ ဓါတ်မြေသြဇာတွေကို သိမ်းဆီးရမိတဲ့ အပြင် ဘိန်းစာရွက် နှစ်အိတ်ကိုလည်း သိမ်းဆည်းရမိကြောင်း၊ လှေပိုင်ရှင်ကတော့ စုံချိုင် စိုင်ဖွား ဖြစ်ပြီး ရနောင်းခရိုင် ပါ့နံအရပ် ပင်လယ်ကမ်းစပ် ကော့စင်းဟိုင်းကျွန်းအနီးမှာ ဖမ်းမိတာ ဖြစ်တယ်လို့ ရနောင်း သတင်းတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဗုံးခွဲငါးဖမ်းလှေတစီးကို မြန်မာရေတပ်က ပစ်ခတ်ခဲ့လို့ မီးလောင် ပျက်စီးသွားခဲ့ပါတယ်။

ဗုံးခွဲလှေတွေကြောင့် မြန်မာ့ရေပိုင်နက် သဘာဝပါတ်ဝန်းကျင် ထိခိုက် ပျက်စီးသလို ငါးမျိုး ပြုန်းတဲ့အထိ ဖြစ်သွားနိုင်တာမို့ ဗုံးခွဲလှေဆိုရင် မြန်မာရေတပ်ဘက်က ဖမ်းဆီးရုံမကပဲ ပစ်မြုတ်ပစ်တဲ့အထိ အရေးယူတာတွေ့ရပါတယ်။

အရင်နှစ်ပိုင်းတွေမှာ ဗုံးခွဲ လှေပိုင်ရှင်တွေကို ဖမ်းဆီး အရေးယူပြီးတဲ့နောက်ပိုင်း ဗုံးခွဲ ငါးဖမ်းမှုတွေ ပျောက်ကွယ်သွားခဲ့ပြီး ဒီနှစ်ထဲမှာ ဒါဟာ ပထမဆုံးအကြိမ် ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။