ကြားဖြတ်ရွေးကောက်ပွဲ ဘယ်လောက် ထူးခြားလဲ

  • 29 မတ် 2012
elections ဓာတ်ပုံ မူပိုင် Reuters
Image caption ကြားဖြတ် ရွေးကောက်ပွဲမှာ အဓိက ပါတီကြီး နှစ်ခု အကြိတ်အနယ် ပြိုင်ရမှာပါ

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပထမဆုံး အကြိမ် ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် စိတ်ဝင်စား ကြသူတွေ များသလို ဒီရွေးကောက်ပွဲကြောင့် အစိုးရ အဖွဲ့ကို အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်လို့ မထူးခြားဘူးလို့ ပြောတဲ့ သူတွေလည်းရှိနေပါတယ်။

ပြည်သူ့ခေတ် သတင်းဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ မောင်ဝံသ က ဒီရွေးကောက်ပွဲမှာ အင်အားကြီး ပါတီတွေ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့ အကြိတ်အနယ် အားပြိုင်ရမှာ ဖြစ်တဲ့အတွက် ထူးခြားပြီး စိတ်ဝင် စားစရာ ကောင်းတယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တဖက်မှာတော့ လက်ရှိ အစိုးရအဖွဲ့ရဲ့ သက်တမ်းဟာ ၂၀၁၅ ခုနှစ် အထိ ရှိမှာဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၈ နေရာသာ ရှိတဲ့ အတွက် အစိုးရ အဖွဲ့ကို အပြောင်းအလဲ လုပ်နိုင် လောက်အောင် ထူးခြား တဲ့ အပြောင်း အလဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ကပြောပါတယ်။

NLD နာယက အဖွဲ့ဝင် ဦးဝင်းတင် ကတော့ ဒီရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ အရေးကြီး တယ်လို့ ပြောပါတယ်။

တကယ်လို့ ရွေးကောက်ပွဲ သန့်ရှင်းမှု မရှိရင် အစိုးရဖက်ကလို ချင်နေတဲ့ စီးပွားရေး ပိတ်ဆို့ မှုတွေ ရုပ်သိမ်းရေးမှာ ထိခိုက် နိုင်သလို နိုင်ငံရေး အတိုက်အခံ တွေရော၊ ပြည်သူတွေ အပေါ်မှာပါ သုံးဦးသုံးဖလှယ် ထိခိုက်မှုတွေ ဖြစ်လာ နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်အောင် ကြိုးစားမယ်လို့ ပြောထားပါတယ်။

အဲဒီလို ပြင်ဆင် နိုင်ရေး အတွက်ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲ နိုင်ငံ အကျိုးကို ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ညီညွတ်တဲ့ တပ်မတော် အပါ အဝင် လွှတ်တော် ကိုယ်စားလှယ် အားလုံးက လုပ်ဆောင် သွားရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။