ရွေးကောက်ပွဲ အတွက် အကြိတ် အနယ် မဲဆွယ် နေ

  • 29 မတ် 2012

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ကြားထဲမှာ နှစ်ရက်ပဲ လိုပါတော့ချိန်မှာ ပြည်သူ တွေရဲ့ စိတ်ဝင်စားမှုတွေ ကလည်း တနေ့ တခြား တိုးလာ နေတဲ့ အပြင် ရွေးကောက်ပွဲ ဝင်ကြမယ့် ကိုယ်စားလှယ် လောင်းတွေ က ရသမျှ အချိန် အတွင်း အတတ်နိုင်ဆုံး လှုပ်ရှား မဲဆွယ် နေကြပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption ဒေါ်အောင်ဆန်း စုကြည် ဝင်ပြိုင်မယ့် ကော့မှူး မြို့နယ်က အဓိက ကြည့်ရမယ့် တစ်နေရာဖြစ်

ရန်ကုန်တိုင်း သုံးခွ မြို့နယ် မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာ အတွက် အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်စုစုလွင်က တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံ ဥပဒေမှာ ပါတဲ့ ပြောင်းလဲသင့်တဲ့ အချက်တွေကို ပြင်ဆင် ပြောင်းလဲ နိုင်ရေး စတာတွေကို ကြိုးပမ်း လုပ်ဆောင်သွားမယ် ဆိုတာတွေကို ချပြပြီး သူ့ နယ်မြေက ပြည်သူတွေကို စည်းရုံးတယ် လို့ ဘီဘီစီကို ပြော ပါတယ်။

သုံးခွ မြို့နယ်မှာ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ လူ့ဘောင်သစ် ပါတီ တို့နဲ့ အဓိက ယှဉ်ပြိုင် ရမှာ ဖြစ်တယ်လို့ ဒေါ်စုစုလွင်က ပြော ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဘက်က စည်းရုံးရေး လုပ်တဲ့ ပုံစံက လူမှုရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးမယ် ဆိုတဲ့ နည်းကို သုံးတာ ဖြစ်ပြီး ဒီလို လုပ် ပေးရုံနဲ့ ပြည်သူတွေ ရဲ့ လူမှုရေး ဒုက္ခ တွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ လည်း သူက ပြော ပါတယ်။

ရှမ်းပြည်နယ်က လှုပ်ရှားမှု

Image caption ရှမ်းပြည်နယ် မှာ ကျားဖြူ ပါတီက ဝင်ပြိုင်မယ်

ရှမ်းပြည်နယ် လားရှိုး မြို့နယ် ကနေ အမျိုးသား လွှတ်တော် အမတ် နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ဦးစိုင်းစံမင်း ကလည်း လားရှိုးမှာ ကျားဖြူပါတီ၊ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ တို့ က အင်အားချင်း ရော စည်းရုံးရေး မှာရော မတိမ်း မယိမ်း ရှိနေတဲ့ အတွက် ဘယ်ပါတီ နိုင်မယ် ဆိုတာ အတပ် မပြောနိုင်ဘူးလို့ ဆို ပါတယ်။

ကျားဖြူပါတီက ကျေးရွာတွေဘက်ကို အဓိကထား စည်းရုံးတာ ဖြစ်ပြီး အဲဒီက ပြည်သူတွေရဲ့ ထောက်ခံမှုကို သူ့ အနေနဲ့ရော ပါတီ အနေနဲ့ပါ နှစ်ထောင်းအားရ ဖြစ်မိတယ်လို့ လည်း သူက ပြော ပါတယ်။

မဲစာရင်းတွေ ကွဲလွဲမှု ကတော့ တခြား မြို့နယ် တွေမှာ လိုပဲ ရှိနေတာ တွေရပေမဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကို တော့ အကြောင်းကြားတာမျိုး မလုပ်ဘူးလို့ ဦးစိုင်းစံမင်းက ပြော ပါတယ်။

လာမယ့် ရွေးကောက်ပွဲက ကြားဖြတ် ရွေးကောက်ပွဲ လို့ ဆိုပေမဲ့ လူအများ စိတ်ဝင်စား နေကြတဲ့ အပြင် ပြည်ပ လေ့လာ စောင့်ကြည့် သူတွေ ကလည်း လာရောက် ကြည့်ရှု ကြမှာမို့ ထူးခြားတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။