ကြားဖြတ် ကြံ့ခိုင်ရေး နိုင်မယ် ဆို

  • 30 မတ် 2012
htay oo
Image caption ပြည်သူအတွက် သူတို့ အများဆုံး လုပ်ပေးခဲ့

ကြားဖြတ် ရွေးကောက်ပွဲ နေရာ ၄၅ နေရာလုံးမှာ သန့်သန့်ရှင်းရှင်းနဲ့ နိုင်မယ်လို့ ယုံကြည်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဘီဘီစီ မြန်မာပိုင်း ဌာနနဲ့ တွေ့ဆုံခန်းမှာ ပြောကြား ခဲ့ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲ တုန်းက နိုင်ပြီးသား နေရာတွေမှာ သေချာပေါက်နိုင်နိုင်တဲ့ လူတွေ၊ ဒေသအတွက် တကယ်လုပ်ခဲ့တဲ့သူ တွေကို အချိန်ယူ ရွေးချယ် ထားတဲ့ အတွက် ဒီတခါလည်း နိုင်မယ် ယူဆတယ်လို့ သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြည်သူတွေ အတွက် သူတို့ပါတီက အများဆုံး လုပ်ပေးခဲ့တာ ပြည်သူကလည်း သိရှိပြီး နေရာ အားလုံး နိုင်အောင် ပြည်သူ အားပေးမယ်လို့ ယုံကြည်ကြောင်း ဦးဌေးဦးက ပြောပါတယ်။

သူတို့ ပါတီ ဆိုင်းဘုတ်တွေ ဖျက်ခံရတာလည်း ရှိကြောင်း၊ ဒါတွေကို ပါတီ အချင်းချင်း လုပ်မယ် မထင်ကြောင်း၊ လုပ်ဖို့ အားလည်း မပေးကြောင်း ပြောကြားသွား ပါတယ်။

ရွေးကောက်ပွဲမှာ တိတိကျကျနဲ့ မူအတိုင်း သန့်သန့်ရှင်းရှင်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း အာမခံ ခဲ့ပါတယ်။

သူတို့ နိုင်ရင်တောင် မတရားဘူး ပြောကြမလားပဲ စိုးရိမ်တယ်လို့လည်း ဆိုပါသေးတယ်။

ပြိုင်ဘက် NLD ပါတီဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းပြီး မီဒီယာမှာ ထင်ရှားကာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိများတာက သူတို့ အားသာချက် လို့လည်း ဆိုပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါတာကို ထည့်သွင်းစဉ်က သေချာ စဉ်းစား ထည့်ခဲ့တာ ဖြစ်ပြီး နောင်မှာ တိုင်းပြည် တည်ငြိမ် တိုးတက်လာပြီး ပြင်ဆင်ဖို့ ဆန္ဒရှိ လာရင်လည်း ပြင်လို့ရကြောင်း၊ လွှတ်တော်တွင်းမှာ အခြေခံ ဥပဒေ ပြင်လိုသူတွေနဲ့ မပြင်လိုသူတွေ ဘာမှ ထိပ်တိုက်တွေ့စရာ မရှိကြောင်းလည်း ဖြေကြား ခဲ့ပါတယ်။

ဥရောပ သမဂ္ဂ၊ အာဆီယံ၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေက မြန်မာ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာဖို့ ကိုယ်စားလှယ်တွေ စေလွှတ် ကြမှာ ဖြစ်ပါတယ်။