လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်လို့ ဒေါ်စုပြော

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့

တနင်္ဂနွေနေ့ မှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်လာမှာ မဟုတ်ဘူး လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မဲဆွယ် စည်းရုံးမှုတွေကို ဝင်ရောက် နှောင့်ယှက် ဟန့်တား သူတွေ ထဲမှာ အာဏာပိုင် အဆင့်က ပါဝင် ပတ်သက် နေတယ်လို့ ယူဆစရာ အကြောင်းတွေ ရှိနေကြောင်းသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုတွေ့နေရတဲ့ ပုံစံတွေဟာ ဒီမိုကရေစီလမ်းကြောင်းအတွက် မသင့်တော်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဒါပေမယ့်လည်း အမျိုးသား ရင်ကြားစေ့ရေး အတွက် သူတို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ဆက်လက် ယှဉ်ပြိုင် သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သောကြာနေ့ မနက်က သူ့နေအိမ်မှာ သတင်းထောက်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ တွေကို ဖိတ်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ခဲ့စဉ်မှာ ခုလို ထုတ်ဖော် ပြောခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ အခုလို ပြောကြားတာဟာ ထူးခြားချက်ရှိကြောင်းနဲ့ အခုသွားနေတဲ့ လမ်းကြောင်းဟာ လွတ်လပ်ခြင်း၊ မျှတခြင်းမရှိဘူးလို့ ဆိုလိုက်တာဟာ တကမ္ဘာလုံးကို သတင်းစကား ပေးလိုက်တာလို့ ယူဆနိုင်ကြောင်း အဲဒီသတင်းစာ ရှင်းလင်း ပွဲမှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဘီဘီစီ မြန်မာပိုင်း အကြီးတန်း သတင်းထောက် ကိုမင်းထက်က သုံးသပ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ်ကိုတော့ အခု ကိစ္စဟာ သက်ရောက်မှု မရှိနိုင်ပေမယ့်၊ ရွေးကောက်ပွဲကို စောင့်ကြည့်ပြီး မြန်မာနိုင်ငံအပေါ် မူဝါဒအပြောင်းအလဲတွေ လုပ်ဖို့ စဉ်းစားနေကြတဲ့ အနောက်နိုင်ငံတွေ အတွက်တော့ သက်ရောက်မှု ရှိနိုင်တယ်လို့လည်း ကိုမင်းထက်က ပြောပါတယ်။