အကြိတ်အနယ် ဖြစ်မယ့် မဲဆန္ဒနယ်များ

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီရွေးကောက်ပွဲ ရဲ့ ထူးခြား ချက်က အန်အယ်ဒီ ပါဝင်လာ တဲ့အချက်ပါ

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးက ကိုယ်စားလှယ် ၄၅ နေရာ အတွက်သာ ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်လာတဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလို ဘယ်သူ အနိုင်ရမယ် ဆိုတာကိုခန့်မှန်း ဖို့ မလွယ်ဘဲ ကြည့်ကောင်းမယ့် ပွဲတခုဖြစ်မှာပါ။

နိုင်ငံရေးပါတီ ၁၇ ခုက ကိုယ်စားလှယ်လောင်း ၁၆၀ ကျော် ဝင်ပြိုင်ကြမှာ ဖြစ်ပေမယ့် အဓိကကျတဲ့ ပါတီ လေးခု အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) စတဲ့ ပါတီ အဖွဲ့အစည်းတွေကို မြင်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံ ဖြစ်တဲ့ ပါတီ အလုပ်အမှုဆောင်ကော်မီတီဝင် ဦးအောင်သိန်းလင်းက သူတို့ရဲ့ ခြင်္သေ့ ပါတီဟာ ဘာလုပ်လုပ် လုံလ စိုက်တာ အတူတူဘဲ လို့ပြောပါတယ်။

ရန်ကုန်တိုင်းမှာ လစ်လပ်တဲ့မဲဆန္ဒနယ် ၆ ခုရှိတဲ့အထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနည်းဆုံး ၅ နေရာမှာ သေချာပေါက် နိုင်မယ်လို့ တွက်နေပါတယ်။

အန်အယ်ဒီ ကလည်း မဲဆန္ဒနယ် အတော်များများမှာ အနိုင်ရဖို့ မှန်း နေပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကလည်း နေရာ အတော် များများ နိုင်ဖို့ မှန်းနေ

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒနယ်မှာတော့ ဝါရင့် နိုင်ငံရေး သမား တဦး ဖြစ်တဲ့ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးသုဝေ လည်း ဝင်ပြိုင်မှာပါ။

သူကတော့ အဲဒီ မဲဆန္ဒနယ်မှာ ဝင်ပြိုင် မယ့် ကိုယ်စားလှယ် လောင်းတွေ အားလုံး အတွက် မျှော်လင့် ချက်တွေ ရှိတယ်လို့ မြင်ကြောင်း ပြောပါတယ်။

မန္တလေး ဖက်မှာတော့ မန္တလေးတိုင်းမှာ ၆ နေရာနဲ့ နေပြည်တော်က ၄ နေရာ၊ စုစုပေါင်း ၁၀ နေရာအတွက် ပြိုင်ကြရ မှာပါ။

စစ်တပ်တွေ များတဲ့ ပြင်ဦးလွင် နဲ့ မိတ္ထီလာလို နေရာတွေမှာ အကြိတ်အနယ် ဖြစ်လိမ့်မယ်လို့ စောင့်ကြည့်သူ တွေက တွက်နေကြ ပါတယ်။

မဟာအောင်မြေ မြို့နယ်မှာ ဝင်ပြိုင်မယ့် အန်အယ်ဒီ ကိုယ်စားလှယ် ဦးအုန်းကြိုင်ကတော့ သူ့မှာ ယုံကြည်မှု အပြည့်ဘဲလို့ ပြောပါတယ်။

အန်အယ်ဒီ အတွက် အဓိကရင်ဆိုင်ရမယ့် နေရာ တခုကတော့ နေပြည်တော် မဲဆန္ဒနယ် တွေဖြစ်တယ်လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တဦး ဖြစ်တဲ့ ကိုမျိုးတေဇာမောင်က ပြောပါတယ်။

ပြည်နယ်တွေဖက်မှာတော့ ကိုယ့်တိုင်းရင်းသားတွေ အချင်းချင်းဘဲ မဲထည့်ကြ လိမ့်မယ်လို့ ကျားဖြူ ပါတီက တွက်နေ ပါတယ်။

လားရှိုးလို နေရာမှာတော့ သေချာပေါက် နိုင်မယ်လို့ ထင်ကြောင်း ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ကပြောပါတယ်။