ရွေးကောက်ပွဲ လွတ်လပ်မျှတမှု၊ ၆၀ ရာခိုင်နှုန်းရှိနိုင်

  • 30 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ၂၀၁၀ ရွေးကောက်ပွဲ ကလို ဆိုးဝါးမယ် မထင် ကြောင်း ဦးမောင်မောင်လေး ပြော

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်တယ်လို့ နေရာအတော်များများမှာ ကွင်းဆင်းပြီး လေ့လာစောင့်ကြည့် လေ့လာနေတဲ့ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ရေး ကွန်ယက် HRDP အဖွဲ့က ပြောကြား လိုက်ပါတယ်။

HRDP က တာဝန်ခံ ဦးမောင်မောင်လေးက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရာခိုင်နှုန်း အပြည့်မဟုတ်ရင် တောင်မှာ တိုးတက်မှု အတော်များများ ရှိတာကို တွေ့ရတယ်လို့ ဘီဘီစီကို ပြောကြားတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ အနေနနဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်ခွင့်ပေး ကတည်းက စောင့်ကြည့်နေတာ ဖြစ်ပြီး အခုအချိန်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲ လောက်တုန်းကလောက် ဆိုးဆိုးဝါးဝါးဖြစ်မယ်လို့ မထင် ကြောင်း ဦးမောင်မောင်လေးက ပြောပါတယ်။

ဒါပေမယ့်လည်း တချို့နေရာတွေမှာ မဲပေးနိုင်သူတွေ မဲစာရင်းထဲ မပါလာတာနဲ့၊ သေဆုံးသွား သူတွေနဲ့ ခရီးလွန်နေသူတွေ အတွက် မဲပေးပိုင်ခွင့် စာရင်းထဲပါနေတာတွေ ရှိနေတာကိုလည်း တွေ့ရတဲ့အတွက် အဲဒီမဲဆန္ဒနယ်မြေတွေမှာတော့ ဆိုးဆိုးဝါးဝါး ဖြစ်သွားနိုင်တယ်လို့ သူကပြောပါတယ်။

အာဏာပိုင်တွေကနေ တဖက်ဖက် အားပေးနေတာမျိုး ရှိနေတယ် ဆိုတဲ့ ပြောဆိုမှုတွေကိုတော့ အတိအကျ ကောက်ချက်ချ ပြောဆိုလို့ မရသေးဘူးလို့ ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တခြားပါတီအတွေ အကြား တဖက်နဲ့ တဖက် စွပ်စွဲပြောဆိုတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။