ရွေးကောက်ပွဲ မသမာမှုတွေ နေရာ အများမှာ ရှိနေ

  • 31 မတ် 2012
election ဓာတ်ပုံ မူပိုင် AP
Image caption ရွေးကောက်ပွဲ မတိုင်ခင် မသမာမှုတွေ ရှိနေ

ခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပေမယ့် ရွေး ကောက်ပွဲ လုပ်မယ့် နေရာ အတော် များများမှာ ခြိမ်းခြောက် မဲဆွယ်မှုတွေ မတရားမှုတွေရှိ နေတယ်လို့ သတင်း ရရှိပါတယ်။

မန္တလေးတိုင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ မဲ ဆန္ဒနယ် တခုဖြစ်တဲ့ မဟာ အောင်မြေ မြို့ နယ်မှာ မဲပေးတဲ့ နေ့မှာ အချိန်တို အတွင်း မဲပေးသူတွေ အဆင်ပြေ မြန်ဆန်အောင် ထုတ်ပေးထားတဲ့ ကြိုတင် စီစစ်ပြီးသား မဲပေးခွင့် လက်မှတ်တွေကို သက်ဆိုင်ရာက ပြန်သိမ်းတာတွေ ရှိနေသလို နေရာ အတော် များများမှာ မဲဆန္ဒရှင်တွေမှာ မဲပေးခွင့် စီစစ်ပြီးသား ကဒ်ပြားတွေ မရသေးတာကြောင့် အန်အယ်လ်ဒီ ပါတီက မတ်လ ၃၀ ရက်နေ့မှာ လူအင်အား များများနဲ့ လိုက်လံ ဝေငှ နေရတယ်လို့ အန် အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။

နောက်ပြီးတော့ မန္တလေးတိုင်းထဲက နွားထိုးကြီး မြို့နယ် ခံတက်ကုန်း ကျေးရွာ မှာတော့ ကျေးရွာ အုပ်ချုပ်ရေးမှုးက ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်ပြီးတော့ ပါတီဝင် ကဒ်ပြားတွေ လာ ထုတ်မှ ဧပြီ တရက်နေ့မှာ မဲပေးရမယ်လို့ အသံချဲ့စက်နဲ့ နိုးဆော် နေတယ်လို့ သတင်းရ ရှိပါတယ်။

အလားတူဘဲ မကွေးတိုင်း ပခုက္ကူမြို့နယ် ဆိခဝ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက သူ့ လက်အောက်မှာ ရှိတဲ့ ဆယ်တရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဆင့်ခေါ်ပြီး အုပ်ချုပ် ရေးမှုးတွေ အနေနဲ့ ကြံခိုင် ဖွံ့ဖြိုးရေး ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ်ပေးဖို့ နိုင်ခဲ့ရင် ဆုပေးပြီး ရှုံးနိမ့်ခဲ့ရင် ဒဏ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်း ပခုက္ကူ အန်အယ်လ်ဒီ ပါတီဝင်တွေက ဘီဘီစီကို ပြောပြပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှာတော့ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့် မဲဆွယ် စည်းရုံး ဟောပြောဖို့ ကားပေါ်က အဆင်းမှာ လောက်လေးနဲ့ ပစ်ခံရတာကြောင့် ကားရှေ့ လေကာမှန် ကွဲသွားတယ်လို့ သိရပါတယ်။

ဒီကိစ္စကို တောင်ငူရဲစခန်းမှာ သွားရောက် အမှုဖွင့် တိုင်ကြား ထားတယ်လို့ အန်အယ်ဒီက ပြောပြပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရား မျှတစေရမယ်လို့ ပြောနေပေမယ့် ရွေးကောက်ပွဲ လုပ်မယ့် နေရာ အတော် များများမှာ မသာမာမှုတွေ ခြိမ်းခြောက်မှုတွေ တွေ့နေရတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့် သူတွေက ဘီဘီစီကို ပြောပြကြပါတယ်။