ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေ

  • 31 မတ် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးသင်္ခရွာမှာ စနေနေ့ည စခန်းချမှာ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ မနက်ဖြန်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကနေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်က ဝါးသင်္ခရွာမှာ ဒီည စခန်းချဖို့အတွက် ကားတန်းနဲ့ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သူ့ကို ထောက်ခံသူတွေနဲ့ ကရင်တိုင်းရင်းသူ၊ တိုင်းရင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရွာကိုလာရာ လမ်းတဖက် တချက်က နေ ရပ်စောင့်နေခဲ့ကြပြီး သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

ဒီကနေ့ဟာ နောက်ဆုံးပိတ် မဲဆွယ်ရမယ့်နေ့ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိကြမယ်လို့ ယူဆရတဲ့ မဲဆန္ဒနယ်မြေတွေမှာလည်း ပါတီတွေဟာ မဲဆွယ်မှုတွေကို အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီရွေးကောက်ပွဲတွေဟာ လုံးဝ လွတ်လပ်ပြီး တရားမျှတမယ်လို့ မယူဆနိုင်ကြောင်း မနေ့က ပြောကြားခဲ့ပေမယ်လို့ NLD အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အခု ကြားဖြတ်ရွေးကောက်ပွဲဟာ မဲဆန္ဒနယ်မြေ လွတ်လပ်နေရာ ၄၅ နေရာ အတွက်သာ ဖြစ်တဲ့အတွက် ဒီရလဒ်ကနေ မြန်မာနိုင်ငံရဲ့ အာဏာချိန်ခွင်ရှာ ထိန်းညှိရေးကို အလှည့် အပြောင်း လုပ်နိုင် မှာ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း အနောက်အုပ်စု နိုင်ငံတွေက အခုရွေးကောက်ပွဲ အတွက် လုပ်ကိုင်ဆောင်ရွက် မှုတွေကို လွတ်လပ် တရားမျှတ တယ်လို့ အသိအမှတ် ပြုခဲ့ရင်တော့ မြန်မာအစိုးရ အပေါ် ချမှတ်ထား တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ပြောပေမယ့် ရွေးကောက်ပွဲ လုပ်မယ့် နေရာ အတော် များများ မှာ ခြိမ်းခြောက် မဲဆွယ်မှုတွေ၊ မတရားမှုတွေရှိ နေတယ်လို့လည်း သတင်း ရရှိပါတယ်။