အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ပြီ

  • 1 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ရှေ့ TV မျက်နှာပြင်ကနေ ရွေးကောက်ပွဲ ရလဒ်တွေကို တိုက်ရိုက်တင်ပြနေ

ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၅ နေရာ အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၄ နေရာမှာ ဝင်ပြိုင်ခဲ့ပြီး အဲဒီ ၄၄ နေရာစလုံးမှာ အနိုင်ရသွားပြီလို့ NLD တာဝန် ရှိသူ တယောက်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ကော့မှူးမြို့နယ် မဲဆန္ဒ နယ်ကနေ ဝင်ရောက် အရွေးခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ အနိုင်ရရှိသွားပြီလို့ NLD က ကြေညာ ပြောဆိုသွား ပါတယ်။

ရန်ကုန်တိုင်းထဲက မဲဆန္ဒနယ် ၆ ထဲမှာ အကြိတ်အနယ်ရှိမယ်ဆိုတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆန္ဒ နယ်မှာလည်း NLD ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက အနိုင်ရရှိနေပါတယ်။

နေပြည်တော် သီရိ ၄ မြို့နယ်စလုံးမှာလည်း ထူးခြားစွာ NLD ကပဲ အနိုင်ရရှိသွားတယ်လို့ သိရပြီး ဧရာဝတီတိုင်းမှာ ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ နဲ့ ဝါးခယ်မနယ် အပါအဝင် မဲဆန္ဒနယ်အားလုံး နီးပါးမှာ NLD က အနိုင်ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်၊ တနင်္လာရီတိုင်း ကျွန်းစုမြိုနယ်နဲ့ လောင်းလုံ မြို့နယ် တွေမှာလည်း NLD ကအနိုင်ရပြီး မိတ္ထီလာမြို့မှာတော့ စစ်တပ် နယ်မြေကလွဲပြီး၊ မြို့ပေါ် ရပ်ကွက် အများစုမှာ NLD က အနိုင်ရရှိနေပါတယ်။

ရှမ်းပြည်နယ်ဘက်မှာတော့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အခြေအနေ ကောင်းနေတယ်လို့ ပါတီ ဥက္ကဌ စိုင်းဆောင်စီက ဘီဘီစီကို ပြောပါတယ်။

အခုအချိန် အထိတော့ ရွေးကောက်ပွဲ ကော်မရှင်က မဲရလဒ်တွေကို တရားဝင်ကြေညာခြင်း မရှိသေးဘဲ၊ နောက် ၂ ရက် လောက်မှ ကြေညာမှာ ဖြစ်ပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် အမြောက်အများ မဲရုံတွေမှာ လာရောက်မဲ ပေးခဲ့ကြပြီး၊ မဲမသမာ မှုတွေလည်း နေရာ အတော်များများမှာ ရှိခဲ့တယ်လို ပြောဆိုမှုတွေ ရှိနေပါတယ်။

မြို့နယ် တိုင်းလိုလိုမှာ NLD ပါတီကို မဲပေးရမယ့် မဲပြားက အကွက်နေရာတွေမှာ ဖယောင်း သုတ် ထားတာကြောင့် အမှန်ခြစ်လို့ မရ ဖြစ်ခဲ့တယ်လို့ NLD ဗဟို အောင်နိုင်ရေး ကော်မီတီ ဥက္ကဌ ဦးဉာဏ်၀င်းက ဘီဘီစီကို ပြောပါတယ်။

တချို့မဲရုံတွေမှာ ဆိုရင် မဲပေးပိုင်ခွင့် စာရင်းထဲမှာ မပါတဲ့တွက် မဲမပေးလိုက်ရတဲ့ သူတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အခုရွေးကောက်ပွဲ ကို အဓိက သမိုင်း မှတ်တိုင်တခု အဖြစ် နိုင်ငံတကာက စောင့်ကြည့် နေကြတာလည်း ဖြစ်ပါ တယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတယ်လို့ အနောက်နိုင်ငံတွေက မှတ်ယူခဲ့မယ် ဆိုရင်တော့ မြန်မာအစိုးရအပေါ် ချထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ရှိပါတယ်။