နောက်ဆုံး ရေးသားချိန် 1 ဧပြီလ 2012 - 03:06 GMT

ကြားဖြတ် ရွေးကောက်ပွဲ နောက်ဆုံးသတင်းများ


NLD အနိုင်ရရှိမှု သမ္မတဦးသိန်းစိန် ကြိုဆို

မြန်မာသမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က အပြတ်အသတ်နဲ့ အနိုင် ရရှိသွားတဲ့အပေါ် ကြိုဆိုထောက်ခံကြောင်း ပြောကြား လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ထပ်သီး အစည်းအဝေးကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က အာဆီယံခေါင်းဆောင် တွေနဲ့ သီခြား ဆွေးနွေးမှု အတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး၊ ရွေးကောက်ပွဲတွေကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့ လည်း သူက ပြောကြားသွား ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ တွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြ တယ်လို့ သတင်းတွေလည်း ရရှိပါတယ်။


ကျန်ရှိနေသေးတဲ့ မဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က အပြီးသတ် ကြေညာသွားခဲ့ အပြီးမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ၄၅ နေရာမှာ NLD က ၄၃ နေရာ၊ ကျားဖြူပါတီက ၁ နေရာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက တနေရာ အသီးသီး နိုင်ရရှိသွားကြပြီ ဖြစ်ပါ တယ်။


အာဆီယံနဲ့မြန်မာအကြား စာမျက်နှာသစ်ဖွင့်နိုင်

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က အောက်ပါအတိုင်းပြောကြားပါတယ်။

ဉီးကိုကိုအောင်က တွေ့ဆုံမေးမြန်းစဉ်

မြန်မာနိုင်ငံကို သူ့အစီအစဉ်နဲ့သူ ဒီမိုကရေစီနဲ့ အမျိုးသား သင့်မြတ်ရေး လမ်းကြောင်းပေါ် လျှောက်နိုင်အောင် အားပေးခဲ့ကူညီခဲ့တဲ့ အာဆီယံ နိုင်ငံအားလုံး ဒီအောင်မြင်မှုမှာ သူတို့ ဆောင်ရွက်ချက်တွေ ပါတယ်ဆိုတာကို ပြောနိုင်မယ်ထင်ပါတယ်။

အာဆီယံခေါင်းဆောင် တွေနဲ့ ဝန်ကြီးတွေ အားလုံးက သူတို့ရဲ့ ကျေနပ်အားရမှုကို ဖော်ပြခဲ့ကြပြီး မြန်မာသမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကို ပြောခဲ့ကြပါတယ်။ ဒါဟာ အာဆီယံအတွက် စာမျက်နှာသစ်တရပ် ဖွင့်တာဖြစ်သလို မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာ ပေါင်းစည်းရေး အတွက်ရော၊ အာဆီယံက တဆင့် ကမ္ဘာနဲ့ ပိုဆက်ဆံ ရာမှာရော ပိုပြီးယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီးပွင့်လာပါလိမ့်မယ်။


မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့နဲ့ ကျင်းပနိုင်ခဲ့တာကို ဝမ်းသာကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာပါတယ်။

ဒီရွေးကောက်ပွဲကို ရိုးသားပြီး စိတ်အားထက်သန်စွာ ကျင်းပ ပေးခဲ့တာကို ချီးကျူးကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ခေါ်ခဲ့တာဟာလည်း မြန်မာ အစိုးရမှာ ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတ အောင်ကျင်းပ ပေးချင်တဲ့ စိတ်ပိုင်းဖြတ်ချက် ရှိတာကိုပြနေတယ်လို့ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး ကိုအားပေးဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးတာ အပါအ၀င် အဓိပ္ပါယ်ရှိတဲ့ တုန့်ပြန်မှုတွေ လုပ်ကြဖို့ ထိုင်းနိုင်ငံက တိုက်တွန်း ထားပါတယ်။

ကော့မှူးမြို့နယ် မဲဆန္ဒ နယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည်က မဲအရေ အတွက် ၅၆၀၀၀ ကျော်ရပြီး၊ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုးမင်းက မဲ ၉၀၀၀ ကျော်ဘဲ ရခဲ့တယ်လို့ အန်အယ်ဒီက ဆိုပါတယ်။

ဒေါက်တာစိုးမင်းက တော့ ပြည်သူတွေဟာ စား၀တ်နေရေးကို ကြည့်ပြီး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ရည်ရွယ် မဲပေးကြတယ်လို့ ယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

သူတို့ပါတီ အနေနဲ့က နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ အဓိက ဦးတည်တာ ဖြစ်လို့ လတ်တလောမှာတော့ ပြည်သူတွေ လိုချင်တာနဲ့ကွာဟ နေနိုင်တယ်လို့ သူကဆိုပါတယ်။

ကော့မှူးမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ ဒေါက်တာ စိုးမင်းဟာ ဒုဗိုလ်မှူးကြီး အဆင့် အထိ စစ်ဖက် ဆိုင်ရာ ဆရာ၀န် တာ၀န် ထမ်းဆောင်ခဲ့ ဘူးသူ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ကြေညာချက်အမှတ် ၁၇/၂၀၁၂၊ အမျိုးသားလွှတ်တော်အတွက် ကြေညာချက်အမှတ် ၁၈/၂၀၁၂၊ တိုင်းဒေသကြီးလွှတ်တော်များအတွက် ကြေညာချက်အမှတ် ၁၉/၂၀၁၂ တို့ ဖြစ်ပါတယ်။

ကျန်တဲ့ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ စစ်ကိုင်းတိုင်း မင်းကင်း မဲဆန္ဒနယ်နဲ့ တနင်္သာရီတိုင်း ကျွန်းစု မဲဆန္ဒနယ်တွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို မနက်ဖြန် ဧပြီ ၃ မှာ ဆက်လက် ကြေညာပေးသွားမှာ ဖြစ်ပြီး၊ ကျန်တဲ့ အမျိုးသား လွှတ်တော် သုံးနေရာ၊ စစ်ကိုင်းတိုင်း နှစ်နေရာနဲ့ ရှမ်းပြည်နယ်က တနေရာအတွက် သဘက်ခါ ဧပြီ ၄ မှာ ဆက်လက် ထုတ်ပြန် ကြေညာပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။

မဲဆန္ဒနယ် အားလုံးကို တပြိုင်တည်း မကြေညာပေးနိုင်တာဟာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ဆိုရင် မြို့နယ်များ၊ ရပ်ကွက်များ၊ ကျေးရွာများ ပေါင်းစပ်ဖွဲ့စည်းထားရပြီး ေးကွာ မဲရုံများမှ မဲစာရင်းများ ရောက်ရှိမှုကြောင့် အနည်းငယ် နောက်ကျနိုင်တာကြောင့် ဖြစ်ပြီး မကြာခင်မှာတော့ အရှုံးအနိုင် ရလဒ်များကို ရက်ဆက် ဆက်လက် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အစိုးရသတင်းတွေကနေ အချပ်ပိုနဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် အသီးသီးရဲ့ မဲဆန္ဒပေးပိုင်ခွင့် ရှိသူစာရင်း၊ မဲပေးသူဦးရေ၊ ရွေးကောက်ပွဲ၀င် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေရဲ့ မဲရရှိမှု ရာခိုင်နှုန်း၊ ပယ်မဲ၊ ပျောက်မဲ စသဖြင့် အသေးစိတ် အချက်အလက်တွေကိုတော့ လာမယ့် သီတင်းပတ် အတွင်း ဆက်လက်ထုတ်ပြန်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် သုံးခုဖြင့် ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ မဲစာရင်း အနိုင်အရှုံးများကို ဧပြီ ၂ ရက်နေ့ စွဲနဲ့ သူကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ဘီဘီစီကို ပြောကြားပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာနဲ့ တိုင်းဒေသကြီး ၂ နေရာ စုစုပေါင်း နေရာ ၄၀ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနိုင်ရရှိပါတယ်လို့ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။ NLD က ၄၄ နေရာမှာ ရွေးကောက်ပွဲ ၀င်ခဲ့ပါတယ်။

ကျန်တဲ့ ၄ နေရာကို သဘက်ခါ ဧပြီ ၄ ရက်နေ့လောက်မှာ ဆက်လက် ထုတ်ပြန်ကြေညာဖို့ ရှိပါတယ်။

အန်အယ်ဒီပါတီ ရဲ့ အောင်ပွဲဟာ ပြည်သူ့အောင်ပွဲ ဖြစ်တယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့ မနက်မှာ လူထုကို ပြောကြားလိုက်ပါတယ်။

အနိုင်ရပြီဆိုပြီး တခြားအဖွဲ့အစည်း တွေကို ထိခိုက်စေမယ့် အပြောအဆို အပြုအမူတွေကို ရှောင်ကြဖို့လည်း သူက မှာကြား ခဲ့ပါတယ်။

အန်အယ်ဒီ ရုံးချုပ်ရှေ့မှာရောက်နေ တဲ့လူထုပရိတ်သတ်ကို မနက် ၁၁ နာရီကျော် အချိန်မှာ သူက မိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ က ကြားဖြတ်ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမယ့် တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ် လို့ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မီတီ၀င် ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။

အခု နေပြည်တော်မဲဆန္ဒနယ်မြေတွေမှာ လူငယ်တွေ အနိုင်ရတာ ဖြစ်ပြီး တိုင်းပြည်ကောင်းကျိုး ကို ဆောင်ရွက်ချင်သူ တွေ အနိုင်ရတာ ကောင်းတယ်လို့ သူက ဆိုပါတယ်။

သူ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဥတ္တရသီရိမြို့နယ်မှာ အနိုင်ရတဲ့ အန်အယ်ဒီကိုစားလှယ် ကိုမင်းသူနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့ပါတယ်။ ဦးလှသိန်းဆွေဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာ၀န် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။

election

မဲဆန္ဒရှင် တွေကို နှုတ်ဆက် နေတဲ့ ဒေါ်အောင်ဆန်း စုကြည်

အန်အယ်ဒီ ပါတီက သူတို့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ ခုကို အနိုင်ရ ထားပြီလို့ ပြောပါတယ်။

လားရှိုး မြို့နယ် တခုတည်း မှာဘဲ ကျားဖြူ ပါတီ ပါတီနဲ့ ယှဉ်ရင် ဘယ်သူ နိုင်သလဲ ဆိုတာ သဲသဲကွဲကွဲ မသိရ သေးဘူးလို့ အန်အယ်ဒီ ဘက်ကဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က တရား၀င် ထုတ်ပြန်ချက် တော့ ထွက်ပေါ်မလာသေး ပါဘူး။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီလို့ သတင်း ရရှိကြောင်း အန်အယ်ဒီ ပါတီရုံးချုပ်ရှေ့က ရုပ်မြင်သံကြား မျက်နှာပြင်မှာ ကြေညာ ထားပါတယ်။ အန်အယ်ဒီ ရုံးချုပ်ရှေ့မှာ အန်အယ်ဒီ ကိုထောက်ခံသူတွေနဲ့ ကားတွေ ပြည့်နေပါတယ်။

နေပြည်တော် ဒက္ခိဏသီရီ မြို့နယ် မဲဆန္ဒ နယ်မြေမှာ မဲရုံ ၁၇ ရုံသာ ရှိတဲ့ အနက် အန်အယ်ဒီ ကိုယ်စားလှယ် ကိုနိုင်ငံလင်း က သူ မဲရုံ ၁၅ ခုမှာ အနိုင်ရ ထားပြီလို့ ဘီဘီစီ ကိုပြောပါတယ်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲရုံ ၂၀ ရေတွက် ပြီးစီး သွားပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က မဲရုံ ၁၉ ရုံမှာ အနိုင်ရ ထားတယ်လို့ အန်အယ်ဒီ ဗဟိုအောင်နိုင်ရေး အဖွဲ့ ဥက္ကဌ ဦးဥာဏ်၀င်းက ပြောပါတယ်။

ဧရာ၀တီတိုင်း ရေကြည်မြို့နယ်မဲဆန္ဒနယ်မြေ ( ၂ ) မှာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် မဲရုံ ၁၀ ရုံ ရေတွက် အပြီးမှာ အန်အယ်ဒီက ဒေါက်တာ လှမြတ်သွေး က ၉ ရုံမှာ အနိုင်ရထားတယ် လို့ သူ့ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ်မှာ မဲတွေ ရေတွက် နေဆဲ ဖြစ်ပြီး စောင့်ကြည့်သူ တွေလည်း များပါတယ်။ အခုချိန်အထိမြင်ရတဲ့ အခြေအနေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ရှေ့ကပြေးနေတယ်လို့ ယူဆရကြောင်း ဘီဘီစီ အကြီးတန်းသတင်းထောက် ကိုမင်းထက်က ပြောပါတယ်။

ဧရာ၀တီတိုင်း ဝါးခယ်မ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာ အတွက် မဲရုံ ၆ ခု မှာမဲရေတွက် ပြီးပြီ ဖြစ်ပြီး၊ အန်အယ်ဒီ ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ၆ ရုံစလုံးမှာ အနိုင်ရထားတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ အဲဒီမဲဆန္ဒနယ်မြေမှာ မဲရုံပေါင်း ၂၇၇ ရုံ ရှိနေတာ ဖြစ်ပါတယ်။

နေပြည်တော် မဲဆန္ဒနယ် တွေမှာ နေ့လည် ၂ နာရီလောက် အထိ မဲပေးခွင့် ရှိသူ စုစုပေါင်းရဲ့ ၆၀ ရာနှုန်းလောက် မဲလာပေးခဲ့ကြတယ်လို့ နေပြည်တော် ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဒေါက်တာ အောင်သန်း ကပြောပါတယ်။

ဆန္ဒမဲတွေကို တော့ ရေတွက် နေဆဲ ဖြစ်ပြီး အားလုံးအေးအေးချမ်းချမ်း မဲပေး နိုင်ခဲ့ ကြတယ်လို့ သူက ဆိုပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတဲ့ မြို့နယ် တိုင်းလိုလိုမှာ အန်အယ်ဒီပါတီ ကို မဲပေးရမယ့် မဲပြားနေရာ တွေမှာ ဖယောင်းသုတ် ထားတာကြောင့် အမှန်ခြစ် လို့ မရဘူး ဖြစ်နေတယ် လို့ အန်အယ်ဒီ ဗဟို အောင်နိုင်ရေး ကော်မီတီဥက္ကဌ ဦးဉာဏ်၀င်းက ဘီဘီစီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဒေသခံ ကော်မရှင် အရာရှိတွေကို ပြောတဲ့အခါမှာလည်း ပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလို့ သူက ဆိုပါတယ်။

အခုတော့ ရွေးကောက်ပွဲ ဗဟိုကော်မရှင်ဆီ တိုင်ကြားဖို့ဆောင်ရွက်နေပြီလို့ ဦးဉာဏ်၀င်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ကော့မှူး မြို့နယ်ကနေ ရန်ကုန်မြို့ နေအိမ်ကို တနင်္ဂနွေ နေ့ လည် ပိုင်းမှာ ပြန်လည် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အန်အယ်ဒီ ပါတီ ရုံးချုပ်မှာ မဲဆန္ဒပေး နေတဲ့ အခြေအနေတွေကို ရုပ်မြင်သံကြား မျက်နှာပြင်ကြီး နဲ့ ပြသ ပေးနေပါတယ်။

ရန်ကုန်တိုင်း မှာ ဖြစ်နေတဲ့ အခြေအနေ တွေကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုမင်းထက်က ပြောပြထား ပါတယ်။

နေပြည်တော်မှာတော့ ဇမ္ဗူသီရီမြို့နယ် မဲရုံ အမှတ် (၁) မှာ သမ္မတဦးသိန်းစိန် နဲ့ ဝန်ကြီး အတော်များများမဲလာ ပေးခဲ့ကြပါတယ်။

အဲဒီမဲရုံမှာ နေပြည်တော် ကောင်စီ ဥက္ကဌ က သတင်းထောက် တွေကို သတ်မှတ် ထားတဲ့ စည်းကမ်း အတိုင်း မဲရုံ အနားကို မကပ်ဖို့ ပြောတဲ့နေရာမှာ မောက်မာလွန်းတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

နေပြည်တော် မဲဆန္ဒနယ်တွေက အခြေအနေ တွေကို တော့ ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပြထား ပါတယ်။

ရန်ကုန်က မဲဆန္ဒနယ် တွေမှာတော့ နာမည်ကြီးနိုင်ငံရေး သမားတွေ ဝင်ပြိုင်ကြတဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ မနက်ပိုင်းမှာ ကတည်းက မဲပေးခွင့်ရှိသူ တဝက်လောက် လာရောက်မဲပေး ခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဦးသုဝေက ပြောပါတယ်။

မရမ်းကုန်းမြို့နယ် မှာ မနက်ပိုင်းမဲလာပေး သူနည်းပြီး မဲပေးခွင့်ရှိသူ လေးပုံတပုံလောက်လာတာကို တွေ့ရတယ်လို့ အဲဒီကို ရောက်ခဲ့တဲ့ ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ ကပြောပါတယ်။

မဲရုံ အတော်များများမှာ မမှန်မကန် ဆောင်ရွက် မှုတွေ ရှိနေတယ်လို့ အန်အယ်ဒီပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မဲရုံ ၁၁၈ ရုံရှိတဲ့ မင်းကင်းမြို့နယ် ထဲမှာ အန်အယ်ဒီပါတီ ကို ထောက်ခံတဲ့ အကွက်မှာအမှန် ခြစ်လို့မရဘူးလို့ မဲထည့်တဲ့သူ တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ထဲမှာ ရေဦး၊ ကျွန်းလှ၊ ကန့်ဘလူနဲ့ တန့်ဆည် မြို့နယ် တွေမှာ မဲရုံ ၄၈၈ ရုံ ရှိပြီး အန်အယ်ဒီ ကို ထောက်ခံတဲ့ နေရာမှာ အမှန်ခြစ်လို့ မရတဲ့ ပြဿနာ ရှိနေတယ်လို့ အန်အယ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။