မြန်မာ ရွေးကောက်ပွဲအတွက် အမေရိကန် ဂုဏ်ယူတယ်လို့ ဆို

  • 1 ဧပြီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာပြည်ကိုရောက်တုန်းက တွေ့ဆုံကြတဲ့ မစ္စက် ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အစိုးရ တာဝန်ရှိသူတွေဆီက ကနဉီး တုန့်ပြန် ပြောဆိုမှုတွေ ထွက်လာပါပြီ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကတော့ ဒီနေ့ ကြားဖြတ် လွှတ်တော် ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

တရားဝင် ရလာဒ်တွေကို မကြေညာရသေးပေမယ့် ရွေးကောက်ပွဲမှာ မဲထည့်ခဲ့ကြသူအားလုံးအတွက် အမေရိကန် အစိုးရက ဝမ်းသာ ဂုဏ်ယူတယ်လို့ ပြောပါတယ်။

အခု မဲထည့်ကြသူတွေ အတော်များများဟာ ခုမှ ပထမဆုံး မဲထည့်ဖူးကြသူတွေ ဖြစ်တယ်လို့ သိရပြီး အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး အားထုတ်မှုတွေကို ဆက်လက် ထောက်ခံသွားမှာဖြစ်တဲ့ အပြင် ရှေ့ဆက်လုပ်ဆောင်မှုတွေမှာ အာဏာပိုင်တွေ အနေနဲ့ ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မှီအောင် ဆက်လုပ်သွားဖို့ အရေးကြီးတယ်လို့ မစ္စက် ကလင်တန်က ဆိုပါတယ်။

ဒီလို နိုင်ငံတကာ စံချိန် စံညွှန်းမှီဖို့ ပွင့်လင်းထင်သာမှု ရှိရမှာ ဖြစ်တဲ့အပြင် ခြိမ်းခြောက်မှုတွေ၊ မသမာမှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းပေးသွားရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

တခါ အီးယူ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ကူညီထောက်ပံ့ရေး ဌာန အကြီးအကဲ Malgorzata Wasilewska ကလည်း မြင်ရသလောက် အနေအထားကို အားတက်မိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မဲဆန္ဒပေးပွဲတွေဟာ အစစအရာရာ အေးအေးချမ်းချမ်း ရှိတာ တွေ့ရတော့ ဝမ်းသာကြောင်း၊ နောက်ပိုင်းမှာလည်း အေးအေးချမ်းချမ်း ရှိမယ်လို့ မျှော်လင့်ကြောင်း၊ မဲတွေ ရေတွက်ပြီးတဲ့ထိ စောင့်ကြည့်ပြီး နောက်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်မှာ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ကူညီထောက်ပံ့ရေး ဌာန အကြီးအကဲက ပြောသွား ပါတယ်။