တဒေါ်လာကို ၆ ကျပ်ကနေ ကျပ် ၈၁၈ အဖြစ် နှုန်းရှင် ပြောင်းလဲ သတ်မှတ်

  • 2 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ ကျပ်ငွေ ဖောင်းပွ လာလေမလား

မြန်မာကျပ်ငွေရဲ့ နိုင်ငံခြားငွေ လဲနှုန်းကို နှုန်းရှင်အဖြစ် ဗဟိုဘဏ်က ဒီကနေ့စတင် သတ်မှတ်လိုက်ပါတယ်။

အမေရိကန်တဒေါ်လာကို အရင် သတ်မှတ် ထားတဲ့ ၆ ကျပ်အစား၊ ၈၁၈ ကျပ် အဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင်စျေး အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရ အနေနဲ့ ငွေလဲနှုန်း ထိန်းချုပ်ထားတာကို စတင် လျှော့ပေးလိုက်တဲ့ လုပ်ဆောင်မှု အဖြစ် တွေ့မြင်ရပြီး နှစ်ပေါင်းများစွာ အတွင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ကြီးမားဆုံးသော အပြောင်းအလဲ တခု ဖြစ်ပါတယ်။

အခုလို ငွေလဲနှုန်းပြောင်းလဲ သတ်မှတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အတွက် အဓိက အတားအဆီး ဖြစ်နေတာကို ဖယ်ရှားလိုက်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ပြောပါတယ်။

မြန်မာ ဗဟိုဘဏ်ကို သွားရောက် အကြံပေးခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အကြံပေးက အခုလို ငွေကြေးစနစ် ပြောင်းလဲတာဟာ မြန်မာ့စီးပွားရေးရဲ့ အရေးပါတဲ့ အဆင့်တခုဖြစ်ပြီး၊ နောက်ထပ် အဆင့်ဆင့် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လိုအပ်ကြောင်း ဘီဘီစီကိုပြောပါတယ်။

Image caption ငွေလဲနှုန်းနဲ့ ပတ်သက်လို့ အေဒီဘီ အကြီးအကဲ ပြောပြီ

အဲဒီငွေလဲနှုန်းတွေကို မြန်မာ နိုင်ငံက ပုဂ္ဂလိကဘဏ် ၁၉ ခုက ဗဟိုဘဏ်နဲ့ အတူ နေ့စဉ်ညှိနှိုင်းပြီး ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ အပေါ်အခြေခံသတ်မှတ်သွားမှာဖြစ်တယ်လို့ ဗဟိုဘဏ်ကို သွားရောက် အကြံပေးခဲ့တဲ့ ADB Institute က အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

ဒါပေမယ့် ငွေလဲနှုန်းဟာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုရဲ့ အစိတ်အပိုင်း တရပ်သာဖြစ်ပြီး ဥပေဒပြုရေး အပါအဝင် အခြား ဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ သူက ထောက်ပြခဲ့ ပါတယ်။

ဒေါက်တာ JP Verbiest က မြန်မာနိုင်ငံရဲ့ ငွေကြေးစံနစ်ကို နှုန်းတခုထဲ ဖြစ်အောင် သတ်မှတ်ဖို့ ကြိုးပမ်းချက်ဟာ ချောချောမွေ့မွေ့နဲ့ အောင်မြင်လိမ့်မယ်လို့ ယူဆ ကြောင်းပြောတယ်။

သူဟာ ဒီလုပ်ငန်းစဉ်အတွက် မြန်မာ ဗဟိုဘဏ်ကို အကြံပေးဖို့ ပြီးခဲ့တဲ့သီတင်း ပတ်ထဲမှာဘဲ သွားရောက်ခဲ့တာဖြစ်ပြီး ADB Institute ရဲ့အကြံပေး ပုဂ္ဂိုလ်ဖြစ်သလို အရင်ကလည်း ADB ရဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူက ဒီငွေကြေးစံနစ် ပြုပြင်ပြောင်းလဲတာ ဟာ မြန်မာ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တရပ်သာ ဖြစ်ပြီး structural adjustment လို့ စီးပွားရေးပညာရှင်တွေ ခေါ်ကြတဲ့ နောက်ထပ် အဆင့်ဆင့်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ဆိုပါတယ်။

ငွေလဲနှုန်း ပြုပြင်ပြောင်းလဲတာဟာ အလွန့် အလွန် အရေးကြီးတဲ့ကိစ္စဖြစ် ပေမယ့် တချိန်ထဲမှာ တခြား အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဖို့ လိုအပ်ပါတယ်လို့ သူက ပြောသွားပါတယ်။

ဥပမာ သွင်းကုန်တွေကိုလွတ်လပ်ခွင့်ပေးဖို့၊ ဒီနေရာမှာလည်း တခါထဲ အကုန်ဖွင့်ပေးလိုက်ဖို့ ဆိုတာ ထက် တဖြည်းဖြည်းချင်းဖွင့်ပေးသွားဖို့၊ လိုတယ်လို့ပြောပါတယ်။

သူက မြန်မာနိုင်ငံရဲ့ ဘဏ်စံနစ်မှာ နှစ်ပေါင်းများစွာ ပိတ်ဆိုထားတဲ့ကြားက ထိပ်ပိုင်းက အရာရှိတွေ အတွင်းမှာ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ အများကြီး ရှိနေသေးတာကို အံသြစရာ တွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ငွေကြေးမူဝါဒတွေ ဘယ်လို ချမှတ်မလဲဆိုတဲ့ အတွေ့အကြုံတော့ လိုပါလိမ့်မယ်လို့ ဆိုပြီး Institution building လို့ခေါ်တဲ့ စံနစ်တကျ ဖွဲ့စည်းဆောင်ရွက်မှု အပိုင်းကိုလည်း အားကောင်းအောင် လုပ်ဖို့လိုနေတာကို သူက ထောက်ပြပါတယ်။

ဥပမာ ဥပဒေ ပြဌာန်းတာတို့၊ ပြဿနာ တခုကို တကယ်တမ်း မှန်မှန်ကန်ကန် သရုပ်ခွဲပြီး ဆန်းစစ် အဖြေရှာနိုင်ဖို့ အတွက် အရည်အချင်းတွေ တိုးမြင့်လာအောင် လုပ်ဖို့ လိုနေတယ်လို့ ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် နဲ့ပတ်သက်လို့ အဲဒီလို ဆောင်ရွက်နိုင်မှု အင်အားတွေ နည်းနေသေးတယ်လို့ ပြောပေမယ့် မြန်မာနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အများကြီး ကောင်းတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အဲဒီနိုင်ငံတွေ အားလုံးထဲမှာ စီးပွားရေးဖွံ့ဖြိုးဖို့ အဖြစ်နိုင်ဆုံး နိုင်ငံလို့ ဆိုပြီး မြန်မာနိုင်ငံမှာ သယံဇာတတွေ ပေါများ သလို စိုက်ပျိုးနိုင်တဲ့မြေရဲ့တဝက်လောက်ကိုဘဲ အသုံးပြုရသေးတယ်၊ နိုင်ငံကကြီးပြီး လူဦးရေကနည်းတယ်၊ လူတွေဟာ အလုပ် ကြိုးစားကြတယ် ဆိုတဲ့ အချက်တွေကို စောစောက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပေါင်း စည်းလိုက်ရင် မုချဖွံ့ဖြိုးတိုးတက်မယ်လို့ သူကယူဆနေပါတယ်။

ဒီလိုအရှိန်နဲ့ဖွံ့ဖြိုး တိုးတက်နိုင်ဖို့ အတွက် ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဖယ်ရှားမှ ဖြစ်နိုင်လိမ့်မယ်လို့ ADB Institute က Dr JP Verbiest ကပြောပါတယ်။

Dr JP Verbiest ဟာ အာရှအလယ်ပိုင်း အပါအဝင်အာရှဒေသ အတော်များများမှာ အလုပ်လုပ်ခဲ့ဘူးပြီး လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ၂၅ နှစ်လောက်က ဗီယက်နမ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရာ မှာလည်း ပါခဲ့သူ တယောက် ဖြစ်ပါတယ်။