NLD အနိုင်ရ တာကို အစိုးရ ဘယ်လို တုံ့ပြန် နိုင်မလဲ

  • 2 ဧပြီ 2012

မဲဆန္ဒနယ် အများစုက ကြားဖြတ် ရွေကောက်ပွဲ ရလဒ် တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တနင်္လာ နေ့က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ကော်မရှင်ရဲ့ ကြေညာချက် အရ အန်အယ်ဒီ အပြတ် အနိုင်ရ

မဲဆန္ဒနယ် ၄၅ နယ် အနက် လောလောဆယ် နေရာ ၄၀ ရဲ့ ရလဒ်တွေကို ကြေညာရာမှာ အန်အယ်လ်ဒီ ပါတီက နေရာ ၄၀ စလုံးမှာ အနိုင်ရနေတာ တွေ့ရပါတယ်။

အခု ပေါ်ထွက်လာတဲ့ ရလဒ် အပေါ် အစိုးရ ဘက်ကတော့ အနိုင်ရတဲ့ ပါတီကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါ့မယ်လို့ သမ္မတ ကရော လွှတ်တော် ဥက္ကဌနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ တို့က အရင် ကတည်းက ပြောထားတဲ့ အတိုင်း ကြိုဆို ကြမယ်လို့ သမ္မတရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ဘီဘီစီကို ပြောပါတယ်။

အခု စစ်တပ်ဘက်ကလည်း အရင်ကလို မဟုတ်တော့တဲ့ အတွက် အန်အယ်လ်ဒီ အနိုင်ရတာကို ကန့်ကွက်စရာ ရှိမယ် မထင်ဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိ လွှတ်တော်ထဲမှာ ရွေးကောက်မခံရဘဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်ခွင့် ရှိနေတာဟာ ဒီမိုကရေစီနည်း မကျတဲ့ အတွက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစား သွားမယ် ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီ ပါတီ အနေနဲ့ ဒီကစ္စကိုမှ မဟုတ်ဘဲ ဘယ်လို ရေးရာ ကိစ္စကို မဆို ပါလီမန် အမတ်တွေရဲ့ ကြိုးစားမှုနဲ့ အချိန် အတိုင်း အတာ တစ်ခုမှာ ပြင်ဆင် သွားနိုင်မှာပါလို့ ဒေါက်တာ နေဇင်လတ်က ပြော ပါတယ်။

အစိုးရ ဘက်က မှန်းတဲ့ အတိုင်း ဖြစ်လာပုံ မရ

အခု ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ် အသတ် အနိုင်ရသွားလိမ့်မယ် ဆိုတဲ့ ရလဒ် မျိုးကတော့ အစိုးရ ဘက်က မျှော်မှန်း ထားမှာ မဟုတ်ဘူးလို့ မြန်မာ့ နိုင်ငံ ရေးနဲ့ လက်ရှိ ကြားဖြတ် ရွေးကောက်ပွဲ ကို စောင့်ကြည့် လေ့လာ နေတဲ့ ဂျပန် နိုင်ငံ ကန်တ တက္ကသိုလ်က သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းက ပြော ပါတယ်။

အစိုးရ အနေနဲ့ အခု ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးခဲ့တာကို ကြည့်ရင် နေရာတိုင်းမှာ နိုင်ဖို့ မဟုတ်ရင်တောင် တဝက်ကျော်တော့ အနည်းဆုံး မျှော်လင့်ခဲ့ ပုံ ရတယ်လို့ ခန့်မှန်း နိုင်ကြောင်း သူက ပြော ပါတယ်။

ပြီးခဲ့တဲ့ ၁၉၆၀ ရွေးကောက်ပွဲ တုန်းက စစ်တပ်က ထောက်ခံတဲ့ တည်မြဲ ဘက်က အနိုင် မရလို့ ၁၉၆၂ ခုနှစ်က အာဏာ သိမ်းမှု ဖြစ်ခဲ့တယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တုန်းကလည်း အန်အယ်လ်ဒီက အနိုင်ရခဲ့တဲ့ ရလဒ်ကို အသိ အမှတ် မပြုဘဲ အမျိုးသား ညီလာခံ ပေါ်ပေါက် လာခဲ့တဲ့ အကျိုးဆက်မျိုး တွေ့ခဲ့ဖူးတယ် လို့ သူကပြောပါတယ်။

ဒီဖြစ်ရပ် တွေ အရ မှန်းထား သလို ဖြစ် မလာတဲ့ ရလဒ် ကြောင့် အစိုးရရဲ့ နိုင်ငံရေး ဗျူဟာ အပေါ်ကို ရိုက်ခတ်မှု ရှိလာ နိုင်တယ် လို့လည်း ဒေါက်တာ အေးချမ်းက ပြောပါတယ်။

အခု ရွေးကောက်ပွဲ ရလဒ် အရ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို အခိုင်အမာ ထောက်ခံမှု ပြသလိုက်တဲ့ အတွက် အစိုးရ အဖွဲ့တွင်း တင်းမာတဲ့ သဘောထား ရှိသူတွေနဲ့ ပျော့ပြောင်းပြီးပြုပြင် ပြောင်းလဲရေး လိုလားသူတွေကြားမှာ တင်းမာမှုတွေ လည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ အေးချမ်းက ပြောပါတယ်။