ကြံ့ခိုင်ရေးပါတီ ပြည်သူ့ အားပေးမှု မဆုံးရှုံးသေးလို့ ဆို

  • 2 ဧပြီ 2012
USDP
Image caption ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပါ လို့ ဦးလှသိန်းဆွေ ကဆို

ဒီရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရှုံးနိမ့် သွားရပေမဲ့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုကို လုံး၀ ဆုံးရှုံးသွားပြီလို့တော့ မယူဆဘူးလို့ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှသိန်းဆွေက ဘီဘီစီကို ပြောပါတယ်။

ရှုံးနိမ့်သွားတဲ့အတွက်လည်း သိပ်ပြီး ထူးထူးခြားခြား မခံစားရဘူးလို့ သူက ဆိုပါတယ်။ တိုင်းပြည် ကောင်းကျိုးကို ဆောင်ရွက်ချင်သူတွေ အနိုင်ရသွားတာလဲ ကောင်းတယ်လို့ သူက ဆိုပါတယ်။

သူအနေနဲ့လည်း တိုင်းပြည် ကောင်းကျိုး၊ ဒေသကောင်းကျိုး အတွက် ဆက်လုပ်သွားမယ်လို့ ဦးလှသိန်းဆွေ က ဘီဘီစီကို ပြောပါတယ်။

ပါတီစွဲ၊ လူမျိုးစွဲ၊ဝါဒစွဲ နဲ့ ဂိုဏ်းဂဏ စွဲ မထားပဲ အားလုံး လက်တွဲ ပူးပေါင်းမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မယ်၊ ဒါကြောင့် ကြံ့ခိုင်ရေးကလဲ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘယ်ပါတီနဲ့မဆို လက်တွဲလုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ နေပြည်တော်မှာ အနိုင်ရတဲ့ အန်အယ်ဒီ ကိုယ်စားလှယ်တွေနဲ့လည်း တိုင်းပြည် ကောင်းကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဦးလှသိန်းဆွေ ဟာ နအဖ အစိုးရ လက်ထက်တုန်းက ဘဏ္ဍာရေး ဒုတိယ၀န်ကြီး တာဝန် ယူခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း တဦး ဖြစ်ပါတယ်။