မြန်မာကျပ်ငွေကို နှုန်းရှင် သတ်မှတ်ပြီ

  • 2 ဧပြီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် တဒေါ်လာကို ၈၁၈ ကျပ် အဖြစ် ဗဟိုဘဏ်က တရားဝင်စျေး သတ်မှတ်

မြန်မာကျပ်ငွေရဲ့ နိုင်ငံခြားငွေ လဲနှုန်းကို အရင် သတ်မှတ်ထားထာထက်ကို ရာခိုင်နှုန်း ရာပေါင်း များစွာ တင်ပြီး နှုန်းရှင် အဖြစ် အစိုးရက သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်တဒေါ်လာကို အရင် သတ်မှတ် ထားတဲ့ ၆ ကျပ်အစား၊ ၈၁၈ ကျပ် အဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင်စျေး အဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၁၉ ခု နဲ့ အတူတကွ နေ့စဉ် ညှိနှိုင်းပြီး၊ ရောင်းလိုအား ဝယ်လို အားတွေကို အခြေခံပြီး ငွေစျေးသတ်မှတ် သွားမှာ ဖြစ်ပါတယ်။

ဒါဟာ အစိုးရ အနေနဲ့ ငွေလဲနှုန်း ထိန်းချုပ်ထားတာကို စတင် လျှော့ပေးလိုက်တဲ့ လုပ်ဆောင်မှု အဖြစ် တွေ့မြင်ရပြီ၊ နှစ်ပေါင်းများစွာ အတွင်း မြန်မာ့စီးပွားရေးဆိုင်ရာ ကြီးမားဆုံးသော အပြောင်းအလဲ တခု ဖြစ်ပါတယ်။

အခုလို ငွေလဲနှုန်းပြောင်းလဲ သတ်မှတ်လိုက်တာဟာ မြန်မာနိုင့်ငံရဲ့ စီးပွားရေး တိုးတက်မှု အတွက် အဓိက အတားအဆီး ဖြစ်နေတာကို ဖယ်ရှားလိုက်နိုင်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က ပြောပါတယ်။

မြန်မာ ဗဟိုဘဏ်ကို သွားရောက် အကြံပေးခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB အကြံပေးက အခုလို ငွေကြေးစနစ် ပြောင်းလဲတာဟာ မြန်မာ့စီးပွားရေးရဲ့ အရေးပါတဲ့ အဆင့်တခုဖြစ်ပြီး၊ နောက်ထပ် အဆင့်ဆင့် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း လိုအပ်ကြောင်း ဘီဘီစီကိုပြောပါတယ်။