NLD ပြည်သူ့လွှတ်တော် အမတ်အရွေးခံရသူ

  • 2 ဧပြီ 2012
_nld_new_ ဓာတ်ပုံ မူပိုင် afp
Image caption NLD မဲ အခြေအနေ ရှင်းပြ

မြန်မာနိုင်ငံ မှာကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ မှာ တော့ NLD အဖွဲ့ချုပ် ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူမအတွက် ပထမဆုံး အကြိမ် ပါလီမန် အမတ်နေရာ အတွက် အနိုင်ရရှိသွား ပြီဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပြောပါတယ်။

NLD ရဲ့ အပြောအရတော့ ဝင်ပြိုင်သမျှ နေရာ အားလုံးလောက်မှာ အနိုင်ရဖို့ များတယ်လို့ သိရပါတယ်။ ဒီ ကြားဖြတ် ရွေးကောက်ပွဲရဲ့ ရလဒ် တွေနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ချက် တွေကတော့ ထွက်မလာသေး ပါဘူး။ နှစ်ပေါင်း ၅၀ လောက် စစ်တပ်က အုပ်စိုးခဲ့တဲ့ မြန်မာ နိုင်ငံမှာ အခု အစိုးရရဲ့ ပြုပြင် ပြောင်းလဲလိုစိတ် တွေနဲ့ ပတ်သက်ပြီး ဒီကြားဖြတ် ရွေးကောက်ပွဲတွေက မှတ်ကျောက် အတင် ခံနိုင်မှာ ဖြစ်တယ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

တခါ ကြားဖြတ် ရွေးကောက်ပွဲတွေ အတွက် မဲဆွယ် နေကြစဉ် နဲ့ မဲပေးပွဲတွေ ကျင်းပနေ ကြစဉ် အတွင်း မဲ အတွက် မသမာ မှုတွေ ရှိတဲ့ အကြောင်း အတိုက်အခံ တွေဘက်က ပြောတာတွေ လဲရှိပါတယ်။ ဒီ ဖြစ်ရပ်တွေက တမင်တကာ ရည်ရွယ်ချက် နဲ့ လုပ်တာလား ၊ ဒါမှ မဟုတ် တာဝန်ရှိသူတွေ ရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် လားဆိုတာကို တော့ ကွဲကွဲပြားပြား ပြောလို့ မရတဲ့ အကြောင်း ရန်ကုန်မြို့က ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။

အာရှရဲ့ အဖိနှိပ်ခံရဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်တဲ့ မြန်မာ နိုင်ငံမှာ အရပ်သား အစိုးရ တက်လာပြီး နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးတာမျိုး၊ ဆင်ဆာ စည်းမျဉ်း တွေကို ချပေးတာမျိုး စတဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို လုပ်လာ ခဲ့ပါတယ်။

အခုတော့ နိုင်ငံတကာကပါ လေးစားတဲ့ ဒီမိုကရေစီ ခေါင်းဆောင် တဉီး ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ပါ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့တဲ့ အထိ နိုင်ငံရေး ပြောင်းလဲမှု တွေလုပ်လာခဲ့ ပြီး ဖြစ်ပေမယ့် နောက်ပြန် မလှည့် နိုင်လောက် တဲ့ အဖြစ်မျိုးကို ရောက်ဖို့တော့ လိုသေးတယ်လို့ လည်း ဘီဘီစီ သတင်းထောက် က သုံးသပ် ထားပါတယ်။