မဲဆန္ဒနယ် နေရာ ၄ဝမှာ NLD နိုင်ပြီလို့ ကော်မရှင် ကြေညာ

Image caption ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဉီးတင်အေးနဲ့ ဘီဘီစီ သတင်းထောက် ကိုချို

မြန်မာနိုင်ငံမှာ မနေ့က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် နှစ်နေရာနဲ့ တိုင်းဒေသကြီး နှစ်နေရာ စုစုပေါင်း နေရာ ၄၀ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က အနိုင်ရရှိ ထား ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးတင်အေးက လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ကျန်တဲ့ ပြည်သူ့လွှတ်တော် နှစ်နေရာ ဖြစ်တဲ့ စစ်ကိုင်းတိုင်း မင်းကင်း မဲဆန္ဒနယ်နဲ့ တနင်္သာရီတိုင်း ကျွန်းစု မဲဆန္ဒနယ်တွေရဲ့ အနိုင်အရှုံး ရလဒ်တွေကို မနက်ဖြန် ဧပြီ ၃ မှာ ဆက်လက် ကြေညာပေးသွားမှာ ဖြစ်ပြီး၊ စစ်ကိုင်းတိုင်း နှစ်နေရာနဲ့ ရှမ်းပြည်နယ်က တနေရာအတွက် ရလဒ်တွေကို သဘက်ခါ ဧပြီ ၄ မှာ ဆက်လက် ထုတ်ပြန် ကြေညာပေးသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ဘီဘီစီကို ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် စုစုပေါင်း အမတ်နေရာ ၄၅ နေရာမှာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။