စစ်တပ် အရာရှိကြီးတွေ ဘာကြောင့် ဒီအချိန် ရာထူးတိုးသလဲ

  • 3 ဧပြီ 2012

အင်္ဂါနေ့က ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေ မှာ ဖော်ပြရေးသားချက်တွေ အရ မြန်မာ နိုင်ငံ စစ်တပ် အကြီးအကဲ တချို့ရဲ့ ရာထူး တွေတိုးမြှင့် ပေးခဲ့တာ တွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်တပ် အကြီး အကဲတွေ ရာထူးတိုးပေး တာဟာ စစ်တပ် အခန်းကို တိုးမြှင့်တာလို့ မြင်ကြ

သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ပ ခရီးစဉ်ကို လိုက်ပါ ပို့ဆောင်တဲ့ သတင်းကို ဖော်ပြရာမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ဒုတိယ ဗိုလ်ချုပ်မှူးကြီး လို့ ဖော်ပြပြီး ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ တခြား ထိပ်ပိုင်း စစ်ဘက် ဆိုင်ရာ အရာရှိကြီး တချို့ကို ရာထူး တစ်ဆင့်တိုး ဖော်ပြ ထားတာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်(လေ)က ဒုတိယ ဗိုလ်ချုပ်ကြီး ကနေ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအဖြစ် မူလ ထက် ရာထူး တဆင့်မြင့် သွားပါတယ်။

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ကို လည်း ရာထူး တစ်ဆင့် တိုးပေးလိုက်တဲ့ အတွက် ဗိုလ်ချုပ်ကြီး စိုးဝင်း ဖြစ်သွား ပါတယ်။

ဒါဟာ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံရဲ့ အပြောင်း အလဲတွေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ချီးမြှောက်တဲ့ သဘောလို့ ပြောနိုင်ကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူ သွားခဲ့ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီး အဆင့် ရှိတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကို ကာကွယ်ရေး ဦးစီးချုပ် အဖြစ် အစမ်း ခန့်ထားခဲ့ပြီး အခု တစ်နှစ်ပြည့်ချိန်မှာ အတည်ပြု ခန့်ထားတာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံရောက် ဘီဘီစီ သတင်းထောက် ကိုချိုက စစ်တပ် အသိုင်း အဝိုင်းနဲ့ သတင်းထောက် အသိုင်း အဝိုင်းရဲ့ ပြောဆိုမှု တွေကို ကိုးကား ပြောပါတယ်။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူတို့ လွှတ်တော်ထဲ ရောက်ရင် ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ကနေ ဖယ်ရှားဖို့ လုပ်ဆောင် မယ်လို့ ပြောထားခဲ့ တာမို့ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်သမျှ နေရာ အားလုံး နီးပါး အနိုင်ရ တယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်လာ ချိန်မှာ စစ်တပ် အကြီးအကဲတွေရဲ့ ရာထူးတွေ တိုးပေးလိုက်တာ တွေ့ရတာကတော့ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို တိုးမြှင့် ယူလာတယ်လို့ ဆိုနိုင်ကြောင်း ဘီဘီစီ သတင်းထောက် ကိုချိုက ပြောပါတယ်။