အာဆီယံနဲ့မြန်မာအကြားစာမျက်နှာသစ်ဖွင့်နိုင်

  • 3 ဧပြီ 2012
အာဆီယံအတွင်းရေးမှူးချုပ်ကို ဘီဘီစီက မေးမြန်းခဲ့စဉ်
Image caption ဆီယံအတွင်းရေးမှူးချုပ်ကို ဘီဘီစီက မေးမြန်းခဲ့စဉ်

မြန်မာနိုင်ငံကို သူ့အစီအစဉ်နဲ့သူဒီမိုကရေစီနဲ့ အမျိုးသားသင့်မြတ်ရေးလမ်းကြောင်း ပေါ် လျှောက်နိုင်အောင် အားပေးခဲ့ကူညီခဲ့တဲ့ အာဆီယံနိုင်ငံအားလုံး ဒီအောင်မြင်မှုမှာ သူတို့ ဆောင်ရွက်ချက်တွေပါတယ်ဆိုတာကို ပြောနိုင်မယ်ထင်ပါတယ်။ အာဆီယံခေါင်းဆောင် တွေနဲ့ ဝန်ကြီးတွေအားလုံးက သူတို့ရဲ့ ကျေနပ်အားရမှုကိုဖော်ပြခဲ့ကြပြီး မြန်မာသမ္မတ နဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကိုပြောခဲ့ကြပါတယ်။ ဒါဟာအာဆီယံအတွက် စာမျက်နှာသစ်တရပ် ဖွင့်တာဖြစ်သလို မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ထဲမှာပေါင်းစည်းရေးအတွက်ရော၊ အာဆီယံကတဆင့်ကမ္ဘာနဲ့ ပိုဆက်ဆံ ရာမှာရော ပိုပြီးယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေအများကြီးပွင့်လာပါ လိမ့်မယ်။

မြန်မာသမ္မတကသူတို့ဟာဒီမိုကရေစီစံနစ်ဆီရောက်တဲ့အထိဒီလမ်းကြောင်းအတိုင်းဆက်ပြီးသွားမယ် ဆိုတာမျိုးအာမခံချက်ပေးခဲ့ပါသလား။

မြန်မာသမ္မတကလုပ်ငန်းစဉ်ဟာ ရလာဒ်ထက်ပို အရေးကြီးတယ်ဆိုတာကိုပြောသွားခဲ့ပါတယ်။ သူဆိုလိုတာက ဒါဟာ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ဖြစ်တယ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပုံနဲ့ပတ်သက်လို့ အာဆီယံစောင့်ကြည့်လေ့လာသူတွေကလည်း မဲပေးသူတွေ ကစိတ်အား ထက်ထက်သန်သန်နဲ့ထွက်လာကြတဲ့အတွက် ကျေနပ်မှုကိုဖေါ်ပြကြ ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ လမ်းကြောင်းမှန်အတိုင်းဆက်သွားဖို့ဟာ မြန်မာနိုင်ငံအတွက်လည်းကောင်း သလိုအာဆီယံအတွက်လည်းကောင်းမှာပါ။ မြန်မာနိုင်ငံမှာအမျိုးသားသင့်မြတ်ရေးအတွက်ရှေ့ဆက် ဆောင်ရွက်ချက်တွေနောက်မှာအာဆီယံနိုင်ငံတွေကလည်းရပ်တည်သွားမှာပါ။

အဲဒီလိုရပ်တည်မယ်ဆိုရင်အာဆီယံကလက်တွေ့မှာဘာတွေလုပ်ပေးမှာလဲ။

အာဆီယံအနေနဲ့ကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံကိုအာဆီယံမိသားစုနဲ့ဆက်ဆံရာမှာရော၊ နိုင်ငံတကာနဲ့ဆက်ဆံရာမှာပါ အခွင့်အလမ်းတွေပိုရလာအောင် ပညာရေး၊ကျန်းမာရေး၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး တွေကိုပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါဆိုရင်မြန်မာနိုင်ငံသားတွေကိုတိုက်ရိုက်အကျိုးရှိ စေမှာလည်းဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးလို့ပြောကြတဲ့နေရာမှာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကလည်း ဆက်ပြီးရှိနေပါတယ်။ အဲဒီပိတ်ဆိုမှုတွေကိုမကြာခင်ရုပ်သိမ်းမယ့်လက္ခဏာမျိုးမြင်ရပြီလား။

တရားဝင်ပြောတာတော့မရှိသေးပါဘူး။ ဒါပေမယ့် စောင့်ကြည့်ကြသူတွေ၊ ကျွန်တော်တို့နဲ့ဆွေးနွေးဖက် တွေအများကြီးဆီက မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပုံ ကို အားရကြောင်းပြောတာ ကြားရပါတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေကိုရုပ်သိမ်းသင့်တယ်လို့အာဆီယံ နိုင်ငံတွေကြားမှာလည်း သဘောတူထားပါတယ်။ အဲဒီလိုရုပ်သိမ်းမယ်ဆိုရင်မြန်မာနိုင်ငံကိုကမ္ဘာနဲ့ဆက်ဆံရာမှာ အခွင့်အလမ်း တွေများကြီးပွင့်လာစေပါလိမ့်မယ်။ ဒါဆိုရင်မြန်မာပြည်သူတွေအတွက်အကျိုးဖြစ်မှာဖြစ်သလို၊ မြန်မာ နဲ့ပတ်သက်လို့စိတ်ရှည်ရှည်စောင့်ကြဖို့ပြောနေတဲ့အာဆီယံအတွက်လည်း အရင်ကလိုအငြင်းပွားစရာ အခြေအနေမျိုးမရှိတော့ဘူးပေါ့ဗျာ။ မြန်မာနိုင်ငံဟာလမ်းချိုးတခုကိုရောက်ခဲ့ပြီဆိုတော့နောက်ပြန် လှည့်စရာမရှိတော့ဘူးပေါ့။

အခုဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်လာပါပြီ။ ဒီအတွက်မြန်မာနဲ့အာဆီယံပေါင်းစည်းရေးမှာပိုကောင်းလာစရာရှိပါလား။

သူဟာမြန်မာ့နိုင်ငံရေးကိုအသက်ဝင်အောင်လုပ်ခဲ့တယ်လို့အသေအချာပြောနိုင်ပါတယ်။ မြန်မာပြည်သူ တွေကိုလည်းခွန်အားတွေပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင်အာဆီယံ ပေါင်းစည်းရေး အတွက်လည်း အပေါင်းလက္ခဏာ ဆောင်တဲ့ ဆောင်ရွက်ချက်တွေအများကြီးလုပ်နိုင်ပါလိမ့်မယ်။ သူဟာ ဒီမိုကရေစီရေး အတွက်သတ္တိရှိရှိဆောင်ရွက်ခဲ့သူ အဖြစ် လူတွေ ကြားမှာသိပ်ရေပန်းစားတယ် ဆိုတဲ့အချက်ဟာ မြန်မာတွေအတွက်သာမက အာဆီယံတခုလုံးအတွက်ပါ သိပ်အားကောင်းတဲ့ လက္ခဏာတရပ်ပါ။ သူ့ရဲ့ခေါင်းဆောင်မှုကိုတကမ္ဘာလုံးကလည်းလေးစားအားကျကြပါတယ်။

သူ့မှာအရည်အချင်းတွေရှိတာ၊ လူကြိုက်များတာကတော့ရှင်းပါတယ်။ စောစောကဒေါက်တာဆူရင် ပြောခဲ့သလိုသမ္မတဦးသိန်းစိန်က ရလာဒ်ထက်ဖြစ်စဉ်ကိုဦးစားပေးတယ်ဆိုတဲ့အချိန်မှာဒေါ်အောင် ဆန်းစုကြည်ကဖွဲ့စည်းပုံဥပဒေကိုပြင်ချင်တယ်ဆိုတာမျိုးရလာဒ်ကိုလိုချင်နေပါတယ်။ အခုချိန်မှာ ရင်ကြားစေ့ဖို့ကြိုးစားနေဆဲဖြစ်တဲ့ဒီနှစ်ဖက်ကြားမှာပဋိပက္ခတခုခုဖြစ်လာရင်အာဆီယံအတွက်မထိ ခိုက်နိုင်ဘူးလား။

အဲဒါကတော့ မြန်မာနိုင်ငံနဲ့မြန်မာခေါင်းဆောင်တွေအကြားဆက်ဆံရေးပါ။ အခုဒေါ်အောင်ဆန်းစုကြည် ဟာခေါင်းဆောင်တဦးအနေနဲ့ ပါလီမန်ထဲကိုရောက်လာပါပြီ။ သူတို့အချင်းချင်းကြားမှာပြေလည်အောင်ဖြေရှင်းကြလိမ့်မယ်လို့ အာဆီယံကရော၊ ကမ္ဘာက ပါမျှော်လင့်နေကြပါတယ်။